မင်းဘူးမြို့တွင် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲရုံ၊ မဲစာရင်းများဆိုင်ရာ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မင်းဘူး ၆ ဇူလိုင်

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇူလိုင်လ (၄) ရက် နံနက်(၁၀) နာရီတွင် ၂၀၁၈ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲရုံ၊ မဲစာရင်းများဆိုင်ရာ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ မင်းဘူးဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ဝင်း၊ မင်းဘူး(စကု) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ မင်းဘူး(စကု) မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းညွန့်၊ အတွင်းရေးမှူး ဦးအောင်ကြည်လှိုင်နှင့် ဝန်ထမ်းများ၊ မင်းဘူး(စကု) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)နယ်မြေအတွင်းရှိရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများတက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် မင်းဘူးဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံမှ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နှင့် ဆရာ/မ များမှာ အဓိကလက်တွေ့လုပ်ဆောင်ရမည့်သူများဖြစ်ကြောင်း၊ မဲပေးချိန်များတွင် ပြဿနာမဖြစ်စေရေးအရေးကြီးကြောင်း၊ မဲစာရင်းများကပ်ထားကြေငြာပါက ပြည်သူလူထုကို အသိပေးရန်နှင့် မဲစာရင်းများပျက်စီးဆုံးရှုံးမှု၊ မှားယွင်းမှုများမဖြစ်စေရေး အလေးထား လိုက်နာဆောင်ရွက်ကြရန်၊ လုံခြုံရေးအထူးဂရုစိုက်ကြရန်၊ မကွေးတိုင်းဒေသကြီးအတွင်း၌ မင်းဘူး(စကု) မြို့နယ်တစ်ခုသာ ကျင်းပမည်ဖြစ်သဖြင့် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများမှ ရှုထောင့်ပေါင်းစုံ စောင့်ကြည့်လေ့လာနိုင်ကြောင်း၊ ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ မင်းဘူး(စကု) မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းညွန့်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွေ့အကြုံများ၊ အခက်အခဲများ၊ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့် ဥပဒေနှင့်အညီ မဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးခွင့်ရရှိရေး ဝိုင်းဝန်းဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ပြီး ဦးအောင်ကြည်လှိုင်မှ မဲရုံများထားရှိမည့် ကိစ္စရပ်များ၊ မဲစာရင်းကပ်ထားရာတွင် လိုက်နာရမည့် အချက်အလက်များ၊ မဲရုံနှင့် မဲစာရင်းများ၊ ပျက်စီဆုံးရှုံးမှုမရှိစေရေးလုံခြုံရေးဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအနေဖြင့် မဲစာရင်းကပ်ထား ကြေငြာနိုင်ရေး ကြိုတင်ဆောင်ရွက်နိုင်ရန် အတွက် ပုံစံ(၁)မဲစာရင်း (၃) စုံစီပေးအပ်ခဲ့ပြီးအဆိုပါ မဲစာရင်းများအား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုများ၌ စတင်ကပ်ထား ကြေငြာသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(မင်းဘူး)