မင်းဘူးမြို့တွင် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် လုယက်မှုကျူးလွန်သူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

မင်းဘူး  ၈ ဇူလိုင်        


မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ဇူလိုင်လ (၇) ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် လုယက်မှုကျူးလွန်သူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ မှုခင်းများကျဆင်းရေးအတွက် မင်းဘူးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်းနှင့်အဖွဲ့သည် သက်သေ အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် မကွေးမြို့၊ ရေအားလျှပ်စစ်ဝန်းနေ ဦးရန်ပိုင်စိုး မောင်းနှင်ပြီး နောက်မှ ဒေါ်ခင်မိုးလှိုင် လိုက်ပါလာသော ဆိုင်ကယ်ဖြင့် မင်းဘူးဘက်မှ မကွေးဘက်သို့ လာရာ  မင်းဘူး-မင်းလှ-မကွေး ကားလမ်းမဆုံအရောက်တွင် ၎င်းတို့အနောက်မှ ဆိုင်ကယ်စီးလာသော အမျိုးသားတစ်ဦးမှ ဒေါ်ခင်မိုးလှိုင် ပိုက်ထားသော လက်ကိုင်ပိုက်ဆံအိတ်အား ဆွဲလုရာပါသွားခြင်းမရှိဘဲ ၎င်းအမျိုးသားမှာ မင်းဘူးလှဘက်သို့ မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။


အလုခံရသော မင်းဘူးမြို့နယ် ကျွဲသိုးမြောင်ကျေးရွာအနီး၊ မင်းဘူး-မင်းလှ-မကွေး ကားလမ်းမဆုံတွင် စောင့်ဆိုင်းနေစဉ် ခဏအကြာ ပိုက်ဆံအိတ်လုရန်ကြိုးစား၍ ထွက်ပြေးသွားသော အမျိုးသားမှာ  ပြန်လည်ရောက်ရှိလာသည်ကို တွေ့ရ၍ အနီးနားရှိ ပြည်သူများဖြင့် လိုက်လံဖမ်းဆီးရာ မင်းဘူးမြို့၊ အမှတ်(၁၀ ရပ်ကွက်၊ သိမ်ကုန်းရပ်၊ မီးသင်္ဂြိုဟ်စက်သို့သွားသောလမ်းပေါ်တွင် ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးသွားသူမှာ မင်းဘူးမြို့၊ အမှတ်(၁) ရပ်ကွက်နေသူ မြင့်နိုင် ဖြစ်ကြောင်း သိရသည်။


သို့ဖြစ်ပါ၍ လက်ကိုင်ပိုက်ဆံအိတ်အား လုယူရန်ကြိုးစားအားထုတ်ပြီး ထွက်ပြေးသွားသူ မြင့်နိုင်အား မင်းဘူးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


မျိုးမြတ်(မင်းဘူး)