“မငြိမ်းမချမ်း၊ မစိမ်းမလန်း အခြေအနေများမှသည် . . .”

 

လာမည့်ရက်သတ္တနှစ်ပတ်လောက်ဆိုလျှင် မြန်မာနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ရောက်ရှိတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်နက်ကိုင်တိုက်ပွဲများသည်လည်း လွတ်လပ်ရေးနှင့် ရှေးမနှောင်း ဆိုသလို ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ရာ မငြိမ်းမချမ်းဖြစ်နေသော အခြေအနေသည်လည်း နှစ်ပေါင်း ၇၀ ကျော်ရှိပြီဟုပင် ဆိုရပါမည်။ မြန်မာ ပြည်သူများသည် လွတ်လပ်ရေး၏အရသာကို ကောင်းမွန်စွာ မခံစားလိုက်ရဘဲ ပြည်တွင်းစစ်၏ ခါးသီးသောအရသာကို ဒက်ထိတွေ့ကြုံ ခဲ့ကြရခြင်းပင် ဖြစ်ပေသည်။

 

ကမ္ဘာပေါ်တွင်လည်း နိုင်ငံအများအပြားသည် ထိုခါးသီးသောအရသာကို ခံစားနေကြရသည်။ နိုင်ငံတကာ Think Tank တစ်ခုဖြစ်သော စီပွားရေးနှင့် ငြိမ်းချမ်းရေးအင်စတီကျူ၏ ကမ္ဘာ့ငြိမ်းချမ်းရေးအစီရင်ခံစာ အရ ကမ္ဘာကြီးသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ယနေ့ကာလက အငြိမ်းချမ်းဆုံးကာလဖြစ်သည်ဟု ဆိုပါသည်။ ပြီးခဲ့သော ဆယ်စုနှစ် အတွင်း တွေ့ရှိချက်အရ ငြိမ်းချမ်းရေးပိုမိုတိုးတက်လာသော နိုင်ငံများက မငြိမ်းချမ်းသောနိုင်ငံများထက် ခုနှစ်ဆ ပိုမိုဖွံ့ဖြိုးတိုးတက် လာသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း စစ်ပွဲများတွင် သေဆုံးသည့်သူအရေအတွက် ပိုများလာသည်။ အတိအကျဆိုရလျှင် ၂၆၄ ရာခိုင်နှုန်း ပိုများလာသည်။ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၂၀၁၇ ခုနှစ်မှစ၍ ဒုက္ခသည်အရေ အတွက်က ကမ္ဘာ့လူဦးရေ၏ တစ်ရာခိုင်နှုန်း (သန်း ၇ဝ ကျပ်) သို့ ရောက်ရှိလာသည်။ စီးပွားရေးအရပြောရလျှင် တိုက်ပွဲများ အကြမ်းဖက်မှုများကြောင့် ဆုံးရှုံးမှု ၁၄ ဒသမ ၈ ထရီလီယံဒေါ်လာ ရှိနေပါသည်။ ဤသည်မှာ ကမ္ဘာ့ GDP ၏ ၁၂ ဒသမ ၄ ရာခိုင်နှုန်းရှိနေပြီး လူတစ်ဦးချင်းအပေါ်တွက်လျှင် ဒေါ်လာ ၂၀၀ လောက်ရှိနေသည်ဟု ဆိုပါသည်။

 

ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်း (၂၀၁၈) သည် ၉၉ ဒသမ ၇ ရာခိုင်နှုန်း သော ကမ္ဘာ့ပြည်သူများကို ကိုယ်စားပြုခြင်းဖြစ်ပြီး အရည်အသွေးအရ၊ အရေအတွက်အရ လေးစားလောက်သော အညွှန်းကိန်း ၂၃ မျိုး ပါဝင်ပါသည်။ ၎င်းအညွှန်းကိန်း၏ အုပ်စုသုံးစုကို ပဋိပက္ခ ဆက်လက် ဖြစ်ပွားနေသောနေရာများ၊ လုံခြုံမှုနှင့်စိတ်ချရမှုရှိလာသော နေရာများနှင့် စစ်ဘက်စိုးမိုးမှု ရှိသောနေရာများဟူ၍ ခွဲခြားထားသည်။ ထိုနေရာ သုံးခုစလုံးတွင် ပြီးခဲ့သည့်နှစ်အတွင်းက ယိုယွင်းမှုများရှိလာ ခြင်းဖြစ်သည်။ သုတေသနတွေ့ရှိချက်များအရ ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းသည် ငြိမ်းချမ်းရေးကို ဖျက်ဆီးခြင်းထက် များစွာ ပိုမိုခက်ခဲနေခြင်းဖြစ်သည်။

 

အာရှပစိဖိတ်သေ၏ ငြိမ်းချမ်းမှုက ကျဆင်းနေသည်။ ရှစ်နိုင်ငံကသာ တိုးတက်ပြီး ၂ နိုင်ငံက ကျဆင်းနေသည်။ မြန်မာနိုင်ငံ က အဆိုးဆုံး ကျဆင်းနေသော နိုင်ငံဖြစ်ပြီး အဆင့် ၁၅ ဆင့်လောက် ကျသွားသည်ဟု ဆိုပါသည်။ ပြီးခဲ့သည့် သုံးနှစ်ခန့်က နိုင်ငံတကာ ပဋိပက္ခများလေ့လာရေး အဖွဲ့ (ICG) အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ပြည်တွင်းစစ်ကြောင့် သေဆုံးသူ စုစုပေါင်း အနည်းဆုံးငါးသောင်း အထက်ရှိမည်ဟု ခန့်မှန်းထားသည်ကို တွေ့ရသည်။

 

ယခုမြန်မာနိုင်ငံ၏ အခြားသောနေရာများတွင် တည်ငြိမ်မှုရှိနေသော် လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းမြောက်ဒေသ တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ကုလသမဂ္ဂတရာရုံး (ICJ) တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လျှောက်လဲချက် ပေးနေချိန်တွင်ပင် ရခိုင်ပြည်နယ် အမ်းမြို့အနီးတွင် တိုက်ခိုက်ခြင်းများ ရှိနေသည်။

 

ထို့ကြောင့်ပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း မာန်အောင်မြို့ပြည်သူများအား တွေ့ဆုံ အမှာစကား ပြောကြားရာတွင် “မိမိတို့လုပ်ရပ်သည် ဒေသခံများအတွက် အခြေအနေ ပိုကောင်းသွားစေသလား၊ ပိုဆိုးသွား စေသလား အလွယ်တကူသိနိုင် ကြောင်း အရင်အချိန်မရွေးနေရာမရွေး အေးအေးချမ်းချမ်း အသက်မွေးဝမ်းကျောင်းနိုင်တဲ့ နေရာတွေမှာ ကျီးလန့်စာစား ဖြစ်နေကြပြီလား မိမိတို့လုပ်ရပ်ကြောင့် ကိုယ့်မိဘ၊ ကိုယ့်ရဲ့ ဆွေမျိုး၊ ညီအစ်ကိုမောင်နှမများ ဒုက္ခပင်လယ်ဝေနေကြပြီလား သေသေချာချာ သုံးသပ်ဖို့လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရပါသည်။ ထို့ကြောင့်ပင် မိမိနိုင်ငံ တွင်ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခြင်းသည် ဒေသတွင်းတည်ငြိမ်ရေး ဖွံ့ဖြိုးရေးသာမက ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက်ပါ အထောက်အကူဖြစ်စေသော မွန်မြတ်သည့် လုပ်ငန်းကြီး ဖြစ်ပါကြောင်း တင်ပြရပါသည်။ ။

မြန်မာ့အလင်း