မွန်ဂိုလီးယားနိုင်ငံ၌  ဆောင်းရာသီ အအေးလွန်ကဲမှုကြောင့် တိရစ္ဆာန်လေးသန်းနီးပါး သေဆုံး

 

အူလန်ဘာတာ၊ မတ် ၁၁

မွန်ဂိုလီးယားနိုင်ငံ၌ ယခုနှစ် ဆောင်းရာသီ  အအေးလွန်ကဲမှုကြောင့် သေဆုံးသည့် တိရစ္ဆာန်အရေအတွက်မှာ  ၃၉၂၅၇၃၄ ကောင်အထိရှိလာကြောင်း ပြည်နယ်အရေးပေါ် စီမံခန့်ခွဲရေး ကော်မရှင်က မတ် ၁၁ ရက်က ပြောကြားသည်။

မွန်ဂိုလီးယားနိုင်ငံ၏ ပြည်နယ် ၂၁ ခုအနက် အရှေ့ပိုင်း ဆွတ်ခ်ဘာ တာပြည်နယ်တစ်ခု၌ပင် “ဒီဇုဒ်” ဟုခေါ်သည့် ပြင်းထန်သော အအေးဒဏ်ကြောင့် တိရစ္ဆာန် ကောင်ရေ ၁ ဒသမ ၁ သန်းကျော် သေဆုံးခဲ့သည့် အဆိုးရွားဆုံးအခြေအနေကို ရင်ဆိုင်နေရကြောင်း ကော်မရှင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုဆောင်းရာသီတွင် ပုံမှန်ထက် ဆီးနှင်းများ ပိုမိုတွေ့မြင်ရပြီး နယ်မြေ ၈၀ ရာခိုင်နှုန်းခန့်သည် ယခုအချိန်အထိ ဆီးနှင်းများ ဖုံးလွှမ်းနေကြောင်း မွန်ဂိုလီးယားနိုင်ငံ မိုးလေဝသစောင့်ကြည့်ရေး အေဂျင်စီက ပြောကြားသည်။

မွန်ဂိုလီးယားနိုင်ငံ၏ ပြင်းထန်သော ဆောင်းရာသီနှင့် တိရစ္ဆာန်ကောင်ရေ မြောက်မြားစွာ ဆုံးရှုံးမှုများသည် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုအတွက် အရေးကြီးသတိပေးချက်ပင်ဖြစ်သည်။

ဆင်ဟွာ