မြင်းခင်းသာကျေးရွာ၌ UNICEF ထောက်ပံ့ အကူအညီဖြင့် အိမ်တိုင်ရာရောက်သောက်သုံးရေရရှိရေး ဆောင်ရွက်မည်

စလင်း  ၁၉  စက်တင်ဘာ  


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မကျီးဖျားကျေးရွာအုပ်စု မြင်းခင်းသာကျေးရွာတွင် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ၏ ထောက်ပံ့အကူအညီဖြင့် အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။


အဆိုပါကျေးရွာတွင်၂၀၁၉- ၂၀၂၀ခု ဘဏ္ဍာနှစ်၌ UNICEF မှ လိုအပ်သောရေပိုက်များကို ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အင်ဂျင်နီယာများ၏ နည်းပညာအကူအညီဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျက ပြောပြသည်။


ထိုသို့ အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေး ဆောင်ရွက်ရန် စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသ သောက်သုံးရေရရှိရေး တာဝန်ခံအင်ဂျင်နီယာ ဒေါ်နှင်းအိခိုင်နှင့် ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းတွင် လက်တွေ့ကွင်းဆင်းကာ Level Survey တိုင်းတာမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


မြင်းခင်းသာကျေးရွာတွင် အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာရှိအိမ်ခြေ ၅၂အိမ်မှ လူဦးရေ ၂၂၅ဦးတို့မှာ ရေမီတာစနစ်ဖြင့် သောက်သုံးရေများ ဖူလုံစွာ ရရှိလာတော့မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ဆက်လက်ပြောပြသည်။


ငြိမ်းသူ(စလင်း)