မြင်းခြံမြို့ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအနက် တစ်ဦး ထပ်မံဆေးရုံဆင်းခွင့်ရ

မြင်းခြံ   ၁၉  စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအနက် တစ်ဦးမှာ ရောဂါသက်သာ ပျောက်ကင်း၍ ယနေ့တွင် ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း မြင်းခြံခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းဝင်းထံက သိရသည်။

 

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းဝင်းနှင့် ယာယီတွဲဖက် ဆေးရုံအုပ်ကြီး ဒေါက်တာ တင့်ထွန်းဇော်တို့က “ဆေးရုံဆင်းခွင့်ရသော်လည်း Home Quarantine (၇) ရက် ထပ်မံနေရမည်ဖြစ်ကြောင်း၊ မိသားစုများနှင့် အတူ ရောနှောနေထိုင်ခြင်းမပြုဘဲ သီးခြားနေထိုင်ကာ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများကိုလည်း သီးသန့်ထားရှိ အသုံးပြုစေလိုကြောင်း၊ Mask ကို အမြဲတပ်ဆင် နေထိုင်ရန်လိုအပ်ကြောင်း၊ လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောပေးခြင်း(သို့) ရေမလိုလက်သန့်ဆေးရည်ကို အသုံးပြုစေလိုကြောင်း၊ ဆေးရုံဆင်းပြီး (၇) ရက် အကြာတွင် သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ညွှန်ကြားထားသည့်အတိုင်း ပြန်လည်ပြသရန် လိုအပ်ကြောင်း စသည်ဖြင့် မှာကြားကာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ခေါက်ဆွဲခြောက် တစ်ဖာ၊ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးမှ Mask အခု ၅၀ ပါ တစ်ဘူး၊ Face Shield တစ်ခုနှင့် ဆပ်ပြာ တစ်တုံးတို့အား ပေးအပ်ခဲ့ကြသည်။

 

ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာအား မြင်းခြံမြို့ အဖြူရောင်လက်များ ပရဟိတအသင်းကားဖြင့် အိမ်အရောက် လိုက်လံပို့ဆောင်ပေးခဲ့သည်။

 

မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စက်တင်ဘာလ (၁၈) ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၇) ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိခဲ့ကာ ယနေ့ တွင် ကျန်ရှိနေသေးသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၄၇) ဦးအနက် တစ်ဦး ထပ်မံ ဆေးရုံဆင်းခွင့်ရရှိသည့်အတွက် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၆) ဦး ကျန်ရှိနေသေးကာ ကျန်းမားရေး အားလုံးကောင်းမွန်ကြောင်း မြင်းခြံခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းဝင်းက ပြောသည်။

 

ကျော်စွာ(မြင်းခြံ)