မင်းလှမြို့၌ မိုးရာသီတွင် စိုက်ပျိုးရန် မြို့မပျိုးဥယျာဉ်တွင် ပျိုးပင်မျိုးစုံပေါင်း(၈၆၇၄၉)ပျိုးထောင်ထားရှိ

အထက်မင်းလှ   ၇   မေ

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့တွင် ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလအတွင်း ဒေသခံပြည်သူများအား ပျိုးပင်များ အခမဲ့ရယူစိုက်ပျိုးနိုင်ရန်အတွက် မင်းလှမြို့နယ် သစ်တောဦးစီးဌာနရှိ မြို့မပျိုးဥယျာဉ်အတွင်း ပျိုးပင်ပေါင်း ၈၆၇၄၉ ပင် ပျိုးထောင်ထားရှိပြီဖြစ်ကြောင်း သိရသည်။
 

မင်းလှမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ် သစ်ပင်စိုက်ပျိုးရာသီအတွက် ကျွန်းပင် ၁၇၂၅၈ ပင်၊ ပိတောက်ပင် ၁၄၀၄ ပင်၊ ယူကလစ်ပင် ၅၅၃၁၀ ပင်၊ မယ်ဇလီပင်၂၄၄၀ ပင်၊ လျှော်ဖြူပင် ၇၀၄ ပင်၊ မန်ဂျန်ရှားပင် ၃၉၇၇ ပင်၊ ယင်းမာပင် ၈၆၄ ပင်၊ မြန်မာရှားပင် ၁၁၆၂ ပင်၊ ကုက္ကိုလ်ပင် ၆၃၀၊ မျှင်ဝါးပင် ၃၀၀၀ စုစုပေါင်းပျိုးပင် ၈၆၇၄၉ ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
 

အဆိုပါ ပျိုးပင်များကို လာမည့် ဇွန်၊ဇူလိုင် မိုးကျရာသီတွင် ပျိုးပင်များအား အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့အထိမ်းအမှတ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်၊ ရပ်ကွက်ကျေးရွာများ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းဝန်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဘုန်းတော်ကြီးကျောင်းဝန်းများတွင် ပျိုးပင်များကို စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း မင်းလှမြို့နယ်သစ်တောဦးစီးဌာနမှူး ဦးခင်မောင်စိုးလင်းထံမှ သိရသည်။

 

ဇာဇာ(အထက်မင်းလှ)