မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ် ဆေးဆက်လက် ထိုးနှံနိုင် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

mdn

အထက်မင်းလှ       ဩဂုတ် ၅

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီမှကြီးမှူး၍မင်းလှမြို့နယ်တွင် တရုတ်နိုင်ငံထုတ်ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေး၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်ကအမှာစကားပြောကြားရာတွင် မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူစက်မှုနှုန်းများနေသည့်အတွက် ကူးစက်မှုလျော့နည်းစေရေးအတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အောက်ဆီဂျင်ပေးရန်လိုအပ်နေသည့် လူနာများအတွက် အောက်ဆီဂျင်လုံလောက်မှုရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များ၊ အပမာဒနာရေးကူညီမှုအသင်း၊ မုဒိတာပရဟိတအသင်းတို့မှပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မင်းလှ မြို့နယ်အတွက် တရုတ်နိုင်ငံထုတ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ်တွင် ဆေးလုံးရေ ၁၀၅၀  ရရှိခဲ့ပြီး ဆေးတစ်လုံးလျှင်လူနှစ်ဦးနှုန်းဖြင့် လူဦးရေ ၂၁၀၀ အား ထိုးနှံပေး ခဲ့ပြီးဖြစ် ကြောင်း၊ ယခုတွင် ထပ်မံ၍တရုတ်နိုင်ငံထုတ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၁၀၀၀ လုံးရရှိသည့်အတွက် လူဦးရေ ၂၀၀၀  အား ဆက်လက်ထိုးနှံပေးမည်ဖြစ်ရာ ဆေးထိုးနှံရန် သတ်မှတ် နေရာများတွင် တာဝန်ပေးထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများကကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှုနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေမှုများအားအကြံပြုဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)