မြင်းမူမြို့နယ်ရှိ ကျေးရွာ(၂၀)တွင်  ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်တောင်စုလွှတ်တော် ရန်ပုံငွေသိန်း(၁၀၀၀)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်

မြင်းမူ  ၁၄  ဇန်နဝါရီ

 

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့်   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့အတွင်းရှိ  ကျေးရွာ(၂၀)ကို ဇန်နဝါရီလ ဒုတိယပတ်က ပထမအကြိမ်အဖြစ် ရန်ပုံငွေများ ပေးအပ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

           

ပြည်တောင်စုလွှတ်တော် ရန်ပုံငွေကျပ်သိန်း(၁၀၀၀)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ကိုင်ရန် ကန်ဖျားကျေးရွာတွင်      ရေပိုက်လိုင်းသွယ်တန်းခြင်း ၊ငါးကင်း(ရွာမ)ကျေးရွာ၊ ထီးဆောင်းကျေးရွာ၊ လက်ပန်ကျေးရွာ၊ ဂွေးပင်တောကျေးရွာ၊ မြစ်ပေါက်ကျေးရွာနှင့် ရွာထောင်ကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်း၊ ရွာသစ်ကျေးရွာ၊ မကျီးကန်ကျေးရွာ လက်ပံကျင်းကျေးရွာတို့တွင် ဂျင်းလမ်းခင်းခြင်း ၊ လက်ထုတ်တောကျေးရွာ၊ စပါယ်ကန်ကျေးရွာ၊  မဲနောကျေးရွာ သစ်လိန်ကျေးရွာ၊ သမ္မန်းတောကျေးရွာ၊ လည်ဖင်းကျေးရွာနှင့် ရွှေကျောင်းကန်ကျေးရွာတို့တွင် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ၊ ပညာရေးလုပ်ငန်းများအတွက် ငါးကင်း(မ)နှင့်  စည်ပင်ကျေးရွာတို့တွင် စာသင်ဆောင်တို့ကိုလည်းကောင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခွဲဝေချထားပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အထက်ပါ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ သိန်း(၁၀၀၀)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ကျေးရွာအသီးသီးမှ အဆိုပြုတင်ပြတောင်းဆိုလာမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကော်မတီတို့က ကွင်းဆင်းစိစစ်ကာ အမှန်တကယ်လိုအပ်ချက်ရှိသော ကျေးရွာကိုရွေး ချယ်ပေးခြင်းဖြစ်ကြောင်း၊ ဆောင်ရွက်သည့်လုပ်ငန်းများကိုလည်း  ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် ရှင်းလင်းအသိပေးခြင်းများ ဆောင်ရွက်ထားကြောင်း  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင် ထံမှ သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)