မင်းသမီးလုပ်မလား မေးတဲ့အခါကျတော့ အဘွားတို့က ခပ်ငယ်ငယ်ဆိုတော့ လုပ်မယ်ပေါ့ ပြောလိုက်တာပဲ ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မြင့်မြင့်ခင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန် ၂၀ မတ်

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို မေ ၂၃ ရက်၌ ချီးမြှင့်တော့မည်ဖြစ်သည်။ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ The One Entertainment ၌ ကျင်းပမည့် မြန်မာ့ရုပ်ရှင်ဆု ထူးချွန်ဆုချီးမြှင့်ပွဲတွင် တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကိုလည်း ရွေးချယ်ချီးမြှင့်ရန် ရှိနေသည်။ ၂၀၁၈ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင် တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုရရှိရန် ရေပန်းစားနေသည့် ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မြင့်မြင့်ခင်နှင့် မြန်မာ့အလင်းသတင်းအဖွဲ့မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

ကျောင်းသူလေးတွေဆိုတော့ မင်းသားလာတယ်ဆို မုန့်စားလွှတ်တဲ့အချိန်ကျရင် ထွက်ကြည့်ကြတာပေါ့

ကျောင်းနေတဲ့အရွယ်ပေါ့။ ၁၅ နှစ်သမီးလောက်က စပြီး ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ စိန်ပေါကျောင်းဝင်း ထဲမှာရှိတဲ့ ကျောင်းမှာနေတာပေါ့။ ဆဋ္ဌမတန်း၊ သတ္တမ တန်းလောက်မှာပေါ့။ အဲဒီ ဗိုလ်အောင်ကျော်လမ်းမှာ ရုပ်ရှင်မင်းသား ရဲမြင့်ဆိုတာ နေတယ်လေ။ အဲဒီမှာ မင်းသားကို ရုပ်ရှင်ကုမ္ပဏီကနေ ကားတွေနဲ့ လာလာ ကြိုတာပေါ့။ အဘွားတို့က အဲဒီမှာ ကျောင်းသူလေးတွေ ဆိုတော့ မင်းသားလာတယ်ဆို မုန့်စားလွှတ်တဲ့အချိန် ကျရင် ထွက်ထွက်ကြည့်ကြတာ။ သူတို့တွေကလည်း မုန့်စားလွှတ်တဲ့အချိန်လာပြီး ကလေးတွေနဲ့ မိတ်ဆက်ကြတယ်။ နင့်တို့ မင်းသမီးလုပ်မလား မေးတဲ့အခါကျတော့ အဘွားတို့က ခပ်ငယ်ငယ်ကလေးတွေဆိုတဲ့အခါကျတော့ အင်းလုပ်မယ်ပေါ့ ပြောလိုက်တာပေါ့။ တကယ်ကတော့ သေချာစိတ်ပါလက်ပါရှိလို့တော့ မဟုတ်ပါဘူး။ ဒီလိုပဲ ပေါ့ပေါ့တန်တန် ပြောလိုက်တာပါ။ အဲဒီတုန်းက အသံ တိတ်ခေတ်လေ။ သူတို့နဲ့လည်း ခင်နေတာပေါ့လေ။ ကိုကျော်ဖေနဲ့ ပိုခင်တယ်။ မင်းသားရဲမြင့်ကို လာလာ ခေါ်တယ်ဆိုတော့လေ။ တစ်နေ့တော့ နင်တို့ တကယ်လုပ်မယ်ဆိုရင် ရီဟာဆယ်တွေဘာတွေ လုပ်ရမယ်ဆိုပြီး လာခေါ်တယ်။ လုပ်မယ်လေဆိုပြီး ကျောင်းဝတ်စုံလေး တွေနဲ့ပဲ လိုက်သွားတယ်။ ဟိုကျတော့ မြန်မာဝတ်စုံက မရှိဘူး။ မင်းသား မင်းသမီးတွေဆိုရင် ဟိုတုန်းက ကုမ္ပဏီက အကုန်လုံးချုပ်ပေးထားတာ။ အဘွားက တင်တင်မူ အင်္ကျီတွေဝတ်ပြီး ရီဟာဆယ်လုပ်ရတယ်။ အဲဒီလိုလုပ်ပြီး ပြန်လာတာ။ ကိုယ့်လည်း ခေါ်မယ်လို့ မထင်ဘူး။ နောက်တော့ ကိုကျော်ဖေက လာပြီး (အဘွားရဲ့ အင်္ဂလိပ်လို ကျောင်းနာမည်က ရီတာ) ရီတာရေတဲ့ သူဌေးက ခေါ်ခိုင်းလိုက်တယ်တဲ့။ ရုပ်ရှင် ရိုက်ရမယ်ဆိုပြီး ပြောတယ်။

အမေက ကြည့်ပြီးတော့ နင့်ပုံလေးတွေနဲ့ တူလိုက်တာဟယ်တဲ့

အိမ်က အဲဒီအချိန်က အဲဒီအလုပ်တွေ လုပ်နေတာ မသိဘူးလေ။ ကျောင်းကနေ ခိုးခိုးပြီးတော့ သူငယ်ချင်းနဲ့ သွားသွားနေတာဆိုတော့။ ရုပ်ရှင်ကုမ္ပဏီကို ခေါ်သွားပြီးတော့ အဝတ်အစားတွေဘာတွေလဲပြီး ကြော်ငြာ ရိုက်ရတာ။ အဘွားအမေက ကြည့်ပြီးတော့ နင့်ပုံလေးတွေနဲ့ တူလိုက်တာဟယ်တဲ့။ ဒါနဲ့ မဟုတ်ပါဘူးဆိုပြီး ညာနေတာပေါ့။ နောက်ဆုံးတော့ ပေါ်တာပဲ။ ပေါ်တဲ့အခါ ကျတော့ အဘွားတို့ခေတ်တုန်းက အနုပညာကို အားပေးတဲ့လူတွေ သိပ်မရှိကြဘူးလေ။ အခုခေတ်လို အားပေးတဲ့ သူတွေ အများကြီးမရှိဘူး။ အဘွားကလည်း အမေကို ကူညီချင်တဲ့စိတ်ရှိတော့ ဘာကားရိုက်မလဲဆိုတော့ ဒါရိုက်တာ ဦးအောင်ကြီးကနေ မာယာရှင်ဆိုတဲ့ အသံတိတ်ကား။ ဦးကျော်ဖေပါတယ်၊ ရဲမြင့်ပါတယ်၊ တင်တင်မြပါတယ်။ အဘွားက ဦးကျော်ဖေရဲ့ ညီမလေး အခန်းကနေပေါ့။ အဲဒါ အသံတိတ်ခေတ်မှာ ပထမဦးဆုံး ဇာတ်ကား။ ဒုတိယမင်းသမီးပေါ့။ ကုမ္ပဏီကနေ ပုတ်ပြတ်ပေးတယ်။ ဆဋ္ဌမတန်းလောက်ကပေါ့။

ပထမဦးဆုံး ရုပ်ရှင်လောကထဲ ရောက်လာတာပေါ့

အဘွားက ငယ်ငယ်က သူနာပြုဝါသနာပါတယ်။ ရပ်ကွက်ထဲမှာ ပရဟိတသဘောမျိုး လိုက်ပြီးလုပ်တယ်။ အဲဒီကနေ ရန်ပုံငွေပွဲလုပ်ဖြစ်တယ်။ အဲဒီပွဲမှာ ချစ်ကရုဏာ ဆိုတဲ့ ပြဇာတ်မှာ မင်းသမီးလုပ်ဖြစ်တယ်။ မြို့တော် ခန်းမကြီးမှာပေါ့။ ဒါရိုက်တာက ဦးအေးမြင့်။ အဲဒါ ပထမဦးဆုံး ပြဇာတ်ကတာပေါ့။ ဒါရိုက်တာ ဦးအေးမြင့်က သဘောကျပြီး သူစီစဉ်တဲ့ပြဇာတ်တွေမှာ ကခိုင်း တာ။ အဲဒါက ဇော်ရုံမှာ။ အဲဒါပထမဦးဆုံး ရုပ်ရှင် လောကထဲ ရောက်လာတာပေါ့။

ပထမဆုံး စရတာတော့ ချစ်ညီမ

အကယ်ဒမီ ပထမဆုံးစရတာကတော့ ချစ်ညီမ။ မောင်မောင်စိုးရုပ်ရှင်ကနေ ပထမဆုံးရတာ။ ဒေါ်မေရှင်၊ ဦးဇေယျကြီး၊ ကိုမြင့်အောင်၊ ကိုကျော်ဖေပါတယ်။ အဲဒီမှာ လည်း ဒေါ်မေရှင်ရဲ့ ညီမလေးအခန်းကနေ ပါရတာ။ အဲဒီအချိန်တုန်းကတော့ သရုပ်ဆောင်ဆိုပြီးပေးတယ်။ နောက်မှ ဇာတ်ပို့ဇာတ်ရံဆိုပြီး ဖြစ်လာတာ။

နောက်ထပ်ရတဲ့ အကယ်ဒမီကားကတော့ ဖြေလျှော့ခွေ၊ အဘွားက နှစ်နှစ်ဆက်တိုက်ရတယ်။ ညွှန့်မြန်မာရုပ်ရှင်က ဇာတ်ကား။ တတိယဇာတ်ကားက မုန်းပါတယ်မောင့်ကို။ ဝင်းဦးရိုက်တဲ့ကား။ ဒါရိုက်တာကတော့ ဝင်းဦးလို့ မတပ်ဘူးထင်တယ်။ စံရွှေမောင်လား မသိဘူး တပ်တယ်။ အဲဒီကားက တတိယအကြိမ်ရတာ။ သရုပ်ဆောင်နဲ့ပဲ။ စတုတ္ထအကြိမ်ကျတော့ မှတစ်ပါး အခြားမရှိပြီဆိုတာ။ အဲဒါကျတော့ ဆေးရောင် စုံတို့ ဘာတို့ ဖြစ်လာပြီ။ အဲဒီဇာတ်ကားမှာ အမေခန်းက စရိုက်ဖြစ်တာပေါ့။ အသက်က ၄၀ ကျော်၊ မင်းသမီး အရွယ်ပဲရှိသေးတာ။ ဒါရိုက်တာက ခင်မောင်ဦး၊ စိုးသိမ်းထွဋ်ပေါ့။ အဘွားကလည်း စမ်းပြီးလုပ်ကြည့်ချင်တယ်လေ။ အဲဒါ အမေခန်းကစပြီး ဆင်းလုပ်တဲ့ ပထမဦးဆုံး ဇာတ်ကားပေါ့။ ဇာတ်ပို့ဆုရတယ်။ ပဉ္စမအကြိမ်ကျတော့ ဒါရိုက်တာ ဦးခင်ဇော်ရိုက်တဲ့ မြင်းမိုရ်တောင်ဦး မကကျူးစေသား ဇာတ်ကားနဲ့။ အဲဒါလည်း အမေခန်းကပဲ။ ဇာတ်လမ်းတော့ နည်းနည်းခပ်ဆင်ဆင်ပဲ။ အဲဒါက ပဉ္စမဆုပေါ့။

စာရေးဆရာတွေကတော်တော့ အသံနဲ့လိုက်အောင် ရေးပေးကြတယ်

သီချင်းကလည်း အဲဒီအချိန်ကတည်းက ဆိုဖြစ်တာ။ အဘွားတို့တုန်းက ကိုယ်စားဆိုပေးမယ့်သူ မရှိဘူး။ ကိုယ်တိုင်ဆိုရတယ်။ အချိန်လည်း ပေးတယ်လေ။ သင်လည်းသင်ပေးတယ်။ မင်းသားမင်းသမီးတွေက အဲဒီတုန်းက လခစားများတယ်။ မြစ်ကြီးဧရာဝတီတို့၊ နပန်းဆံတို့ဆိုရင် ဇာတ်လမ်းထဲမှာဆိုတာများတယ်။ ဓာတ်ပြားကတော့ နည်းတယ်။ ရုပ်ရှင်ဇာတ်လမ်းထဲက သီချင်းကို ဓာတ်ပြားပြန်သွင်းတာပဲရှိတယ်။ ရိုးရိုးအပြင် မှာဆိုတာတော့ သိပ်မရှိဘူး။ ဟိုတုန်းက ဒါရိုက်တာတွေက ကိုယ်တိုင်ဆိုမှ ကြိုက်တယ်။ စာရေးဆရာတွေက တော်တော့ အသံနဲ့လိုက်အောင် ရေးပေးကြတယ်။

ခုလောလောဆယ်တော့ အဘွားနဲ့ အဆင်ပြေမယ့် အခန်းလေးတွေ တစ်ရက်စ နှစ်ရက်စ ရိုက်ဖြစ်တယ်။ အဘွားတို့ အရွယ်တွေက ဇာတ်လမ်းက ရှားသွားပြီးလေ။ တချို့တော့ သံယောဇဉ်နဲ့ခေါ်ပြီး ရိုက်တာလေးတွေ ရှိတယ်။ ရုပ်ရှင်အစည်းအရုံးမှာတော့ နာယကပေါ့။ အခု လက်ကျိုးသွားတာလည်း အကယ်ဒမီဘုတ်သွားထိုင်ရင်း နဲ့ ဖြစ်သွားတာ။ ခုနောက်ပိုင်း ကလေးတွေ အလွန်တော် တယ်။ ခုကတော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး ချိပ်ပိတ်လိုက်ပြီပေါ့။ ကိုယ်ထင်ထားတဲ့ကားတွေ ရပါစေလို့ပဲ စိတ်ထဲမှာ တွေးမိတယ်။

သူတို့သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူဆိုရင် ပေးမှာ

တစ်သက်တာဆုက သုံးခါရှိပြီ။ ပထမအကြိမ်က ဒါရိုက်တာ ဦးတင်ယု၊ ဒုတိယအကြိမ် ၂၀၁၇ ခုနှစ်အတွက် ဘဘဗိုလ်ကလေးတင့်အောင်၊ အခုအကြိမ်က ၂၀၁၈ ခုနှစ်အတွက် တတိယအကြိမ် ပေးမှာ။ သူတို့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူဆိုရင် ပေးမှာပေါ့။ ဒီလို အခမ်းအနားကြီးနဲ့ အကယ်ဒမီပေးပွဲမှာ စပေးတာတော့ မနှစ်ကမှ စပေးတာ။ နိုင်ငံတော်က အဘွားကို စည်သူဘွဲ့ ချီးမြှင့်တာ ၂၀၁၂ ခုနှစ်လောက်ကထင်တယ်။ ။

ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)