မနီလာလေဆိပ်တွင် လေယာဉ်ပြေးလမ်းချော်မှု ဖြစ်ပွား၊ ခရီးစဉ်များ ပယ်ဖျက်ခဲ့ရ

၁၇ သြဂုတ်

ဖိလစ်ပိုင်နိုင်ငံ မနီလာ လေဆိပ်တွင် ကြာသပတေးနေ့ ညပိုင်းက Xiamen လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် တစ်စီးသည် ပြေးလမ်းချော်သွားရာမှ  အဆိုပါလေယာဉ်ခရီးစဉ် ဖျက်သိမ်းခဲ့ပြီး အခြားလေဆိပ်သို့ လမ်းကြောင်းလွှဲခဲ့ကြောင်းနှင့် သောကြာနေ့တွင် ယင်းလေယာဉ် ပြေးလမ်းပိတ်ရန် ဖိလစ်ပိုင် လေကြောင်း အာဏာပိုင်များက ဆုံးဖြတ်ထားကြောင်း သိရသည်။

သောကြာနေ့မနက်စောပိုင်းတွင် မနီလာရှိ Ninoy Aquino  အပြည်ပြည်ဆိုင်ရာ လေဆိပ်အောက်ရှိ  မနီလာ အပြည်ပြည်ဆိုင်ရာ လေဆိပ် အာဏာပိုင် (MIAA) နှင့် ဖိလစ်ပိုင် လေကြောင်းပို့ဆောင်ရေးအာဏာပိုင် အဖွဲ့(CAPP)က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

Xiamen လေကြောင်းလိုင်း နံပါတ် MF8667 ဘိုးအင်း ၇၃၇-၈၀ဝ လေယာဉ်သည် ကြာသပတေးနေ့ည ၁၁ နာရီ ၅၅မိနစ် ၌ မြေပြင်သို့ဆင်းသက်စဉ် သည်းထန်စွာ ရွာသွန်းသော မိုးကြောင့်  လေယာဉ်ပြေးလမ်းကြောင်းမှ ဘီးချော်ထွက်ပြီး  မနီလာအပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ မြက်ခင်းပြင်ပေါ်သို့ ရောက်ရှိသွားကြောင်းနှင့် ၎င်းလေယာဉ်ပေါ်ရှိ ခရီးသည်များနှင့် လေယာဉ်အမှုထမ်းအားလုံး ဘေးကင်းလုံခြုံမှုရှိကြောင်း ယင်း အာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။

၎င်းလေယာဉ်အမှုထမ်းများနှင့် ခရီးသည်များကို ဟိုတယ်တစ်ခုတွင် ခေတ္တနေထိုင်နေကြောင်း၊ ခရီးသည်များကို အရေးပေါ် လျှောဆင်းပေါက်မှတစ်ဆင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့်  အစားအသောက်နှင့် စောင်များကို ထောက်ပံ့ပေးခဲ့ကြောင်း  သောကြာနေ့မနက် သတင်းစာရှင်းလင်းပွဲတွင် MIAA နှင့်  CAAP တို့က ပြောကြားခဲ့သည်။

လေယာဉ်ပြေးလမ်းရှိ လေယာဉ် ဂီယာနှင့်  အင်ဂျင်အပျက်အစီး အပိုင်းအစများကို ရှင်းလင်းရန်လိုအပ်သဖြင့် သောကြာနေ့ ညနေ ၄နာရီထိ လေယာဉ်ပြေးလမ်း ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ  လေယာဉ်ဘီးချော်မှု ဖြစ်ပွားသဖြင့် သောကြာနေ့မနက်တွင်  လေကြောင်းလိုင်းပေါင်း  ၁၂ လိုင်း ဖျက်သိ်မ်းခဲ့ရကြောင်းနှင့် ယင်းလေယာဉ်ဘီးချော်မှုကို စုံစမ်းစစ်ဆေးပြီးသည့် အချိန်ထိတိုင်  Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ် ပြေးလမ်းကြောင်း ဘေးရှိ မြက်ခင်းပြင်တွင် ၎င်းလေယာဉ်ကို ဆက်လက်ထားရှိမည် ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို