မှန်ကန်သည့်သုံးသပ်မှုဖြင့် ကိုယ်စီတာဝန်ကျေ

ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ လွှတ်တော်များသည် အခြေခံကျပြီး အရေးပါသည့် မဏ္ဍိုင်ဖြစ်သည်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်တို့နှင့် အပြန်အလှန် တည့်မတ်ထိန်းကျောင်းပြီး ခိုင်မာအားကောင်းသော ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်ပေါ်လာအောင် ကိုယ်စီဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေသည်။

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံဖြစ်ပေါ်လာအောင် ကြိုးပမ်းဖော်ဆောင်လျက်ရှိရာ၌ ဥပဒေပြု လွှတ်တော်များ၏ အခန်းကဏ္ဍများသည် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေသည်။ ပြည်သူကိုကိုယ်စားပြုခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်သည့် ဥပဒေများ ပေါ်ထွက်လာစေရေး ဆွေးနွေးအတည်ပြုခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းခြင်း လုပ်ငန်းတာဝန်များသည် ဥပဒေပြုလွှတ်တော်များ၏ အဓိကကျသည့် တာဝန်များ ဖြစ်သည်။

 

မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းရာ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် များ၏ ဒုတိယအကြိမ် သက်တမ်းကာလအတွင်း (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို ပြန်လည်စတင်ကျင်းပနေပြီဖြစ်သည်။ လွှတ်တော်အစည်းအဝေးများ ရပ်နားထားသည့် ကာလအတွင်းက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများ၏ မျှော်လင့်ချက်များကို လွှတ်တော်များအတွင်းသို့ ပြန်လည်သယ်ဆောင်လာပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက် နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် မိမိတို့နိုင်ငံတော်နှင့် နိုင်ငံသားများသာမက နိုင်ငံတကာက အလေးထားရသည့် ဥပဒေပြု လွှတ်တော်အဖြစ် ရပ်တည်နိုင်ရန်ဆိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အားလုံး၏ မှန်ကန်သည့် စဉ်းစား၊ သုံးသပ်၊ လုပ်ဆောင်မှုများသည် အလွန်ပင်အရေးကြီးပါကြောင်းနှင့် လွှတ်တော် တစ်ရပ်လုံးအတွက် ကိုယ်စီတာဝန်ကျေပွန်မှုများကို ထုတ်ဖော်ပြသ နိုင်ကြပါစေကြောင်း ပြည်ထောင်စု လွှတ်တော်နာယကက တိုက်တွန်းပြောကြားခဲ့သည်။

သက်ဆိုင်ရာနယ်မြေအလိုက် နိုင်ငံတော်နှင့် ပြည်သူကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ် များ၏ အခန်းကဏ္ဍများမှာ ကြီးမားကျယ်ပြန့်ပါပေသည်။ ဥပဒေပြုရေး တာဝန်များသာမက နိုင်ငံနှင့် ပြည်သူအကျိုးကိုပါ သယ်ပိုးထမ်းရွက်ရမည့် တာဝန်ရှိသဖြင့် မိမိတို့၏နယ်မြေဒေသများ၏ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို မှန်မှန်ကန်ကန် စဉ်းစား၊ သုံးသပ်၊ လုပ်ဆောင်နိုင်ရန်လိုပေသည်။ လွှတ်တော်အတွင်း၌ နိုင်ငံနှင့် ပြည်သူ အမှန်တကယ်လိုအပ်နေသည့် လက်တွေ့ကျသည့်၊ ဓမ္မဓိဋ္ဌာန် ကျသည့် ကိစ္စများကို စဉ်းစားတွေးခေါ် ဆွေးနွေးသုံးသပ်ပေးဖို့ လိုမည်ဖြစ်သည်။

 

ထိုတာဝန်များကို ဆောင်ရွက်ကြရာတွင် ပြောင်းလဲနေသည့် ခေတ်စနစ်နှင့်အညီ ပါတီစုံဒီမိုကရေစီ စနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် ပိုမိုရှင်သန် ခိုင်မာအားကောင်းလာစေရေးနှင့် ကိုယ်စားပြု နယ်မြေအလိုက် ပြည်သူများ၏ လက်တွေ့ဘဝမှ ပြည်သူ့ဆန္ဒများနှင့် ကိုက်ညီသည့် လူမှုစီးပွားဘဝ အခြေခံလိုအပ်ချက်များကို ရွေးထုတ်ဖော်ဆောင် ပေးကြရမည်ဖြစ်သည်။ ပြည်သူများ၏ဘဝ လိုအပ်ချက်များကို မြှင့်တင်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ပြီး အပြန်အလှန် အလေးထားမှု၊ အပြန်အလှန် နားလည်မှုများဖြင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားကြရ မည် ဖြစ်သည်။

 

ပြည်သူကိုကိုယ်စားပြုသည့် တာဝန်များယူထားရသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်လုပ်ငန်းစဉ်များကို ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ လွှတ်တော်များ၏ အခန်းကဏ္ဍများနှင့် ဥပဒေပြုရေး တာဝန်များကို ကျွမ်းကျင် ပိုင်နိုင်စွာ ထမ်းဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ဖြူစင်သည့် စိတ်စေတနာ၊ မှန်ကန်သည့် ဆောင်ရွက်ချက်များဖြင့် စည်းစည်းလုံးလုံး လက်တွဲညီညီ ဆောင်ရွက်လိမ့် မည်ဟု ရှုမြင်ထားပါသည်။

 

သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် သက်ဝင်လှုပ်ရှား ဆောင်ရွက်နေသော လွှတ်တော်များသည် မဏ္ဍိုင်အချင်းချင်း အပြန်အလှန် စိစစ်ထိန်းကျောင်းရင်း ဒီမိုကရေစီစနစ် ခိုင်မာစေရန်နှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။

 

km