MNL-2 (ပထမတန်း) ပြိုင်ပွဲ ပွဲစဉ် (၁) အပြီး ချင်းယူနိုက်တက် ဦးဆောင်

၂၇ ဇန်နဝါရီ

 

၂၀၁၉ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) ကို ဇန်နဝါရီ ၂၅၊ ၂၆ ရက်က စလင်းနှင့် ပဒုမ္မာကွင်း၌ ကျင်းပရာ ချင်းယူနိုက်တက်အသင်းက ဂိုးကွာခြားချက်အသာဖြင့် ဦးဆောင်လျက်ရှိသည်။

 

ပွဲစဉ် (၁) တွင် ချင်းယူနိုက်တက်အသင်းက တက္ကသိုလ်အသင်းကို ငါးဂိုး-တစ်ဂိုး၊ ကချင်ယူနိုက်တက်အသင်းက ငွေကြယ်ပွင့်အသင်းကို သုံးဂိုး-တစ်ဂိုး၊ မောရဝတီအသင်းက လက်ရှိချန်ပီယံရွိုင်ရယ်သန်လျင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး မြဝတီအသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ လက်ရှိချန်ပီယံ ရွိုင်ရယ်သန်လျင်အသင်းသည် နောက်ကျဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်ပြီး MNL မှ တန်းပြန်ဆင်းလာရသည့် မြဝတီအသင်းမှာလည်း အသင်းသစ် အား/ကာသိပ္ပံကို သရေသာကစားနိုင်ခဲ့သည်။ အသင်းပြန်လည်ဖွဲ့စည်းကာ ပထမတန်း၌ ယှဉ်ပြိုင်နေသည့် ချင်းယူနိုက်တက်အသင်းသည် ပြည်တွင်း၊ ပြည်ပကစားသမားသစ်များဖြင့် ပြန်လည်ဖွဲ့စည်းထားသောကြောင့် အင်အားတောင့်တင်းနေပြီး ပထမဆုံးပွဲတွင် ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

 

ပွဲစဉ် (၁) အပြီးတွင် ချင်းယူနိုက်တက်၊ ကချင်ယူနိုက်တက်နှင့် မောရဝတီအသင်းတို့ နိုင်ပွဲရထားသော်လည်း ဂိုးကွာခြားချက်ဖြင့် ချင်းယူနိုက်တက်အသင်းက ထိပ်ဆုံးမှ ဦးဆောင်နေကာကချင်ယူနိုက်တက်အသင်းက ဒုတိယ၊ မောရဝတီအသင်းက တတိယနေရာတွင် ရပ်တည်နေသည်။

 

သတင်း-ရဲရင့်ရှိုင်း