MNL-2 (ပထမတန်း) ပြိုင်ပွဲ ပထမအကျော့ပြီးဆုံး

၂၂ မတ်

၂၀၂၀ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပထမအကျော့နောက်ဆုံးပွဲကို ယနေ့ညနေပိုင်းက ပဒုမ္မာကွင်း၌ ကျင်းပရာ မြဝတီအသင်းက Junior Lions အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ရာသီဝက်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲတွင် Junior Lions အသင်းသည် ရှုံးပွဲကြုံတွေ့ခဲ့သော်လည်း ဂိုးကွာခြားချက်ဖြင့် ထိပ်ဆုံးနေရာ၌ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ မြဝတီအသင်းသည် နိုင်ပွဲရယူနိုင်ခဲ့ပြီး ထိပ်ဆုံးမှ Junior Lions အသင်း၊ ဒုတိယနေရာမှ Chinland အသင်းတို့နှင့် အမှတ်တူခဲ့သော်လည်း ဂိုးကွာခြားချက်နည်းသောကြောင့် တတိယနေရာတွင်သာ ဆက်လက်ရပ်တည်လျက်ရှိသည်။

နှစ်သင်းစလုံး အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး ပွဲအစ ၂ မိနစ်တွင် ကောင်းစည်သူက အဖွင့်ဂိုးသွင်းယူခဲ့သောကြောင့် မြဝတီအသင်းက ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့သည်။ Junior Lions အသင်းသည် ပွဲအစတွင် မထင်မှတ်ဘဲဂိုးပေးလိုက်ရသောကြောင့် ချေပဂိုးရရန် ကြိုးစားသော်လည်း မြဝတီခံစစ်ကို မကျော်နိုင်ခဲ့ဘဲ ၇၆ မိနစ်တွင် ဂိုးထပ်ပေးခဲ့ရသည်။ မြဝတီအသင်းအတွက် ဒုတိယဂိုးကို ဖုန်းကျော်ဇင်က သွင်းယူခဲ့သည်။ Junior Lions အသင်းအတွက် ချေပဂိုးကို ၉၀+၂ မိနစ်တွင် မင်းခန့်မောင်က သွင်းယူခဲ့သည်။ ပထမအကျော့အပြီးတွင် Junior Lions အသင်း၊ Chinland အသင်းနှင့် မြဝတီအသင်းတို့ ၁၈ မှတ်စီတူညီခဲ့သော်လည်း ဂိုးကွာခြားချက်ဖြင့် (+၁၈)ရထားသည့် Junior Lions အသင်းက ထိပ်ဆုံး၌ ဆက်လက်ရပ်တည်ကာ ရာသီဝက်ချန်ပီယံဖြစ်ခဲ့သည်။ Chinland အသင်းက ဂိုးကွာခြားချက် (+၁၇) ဖြင့် ဒုတိယ၊ မြဝတီအသင်းက ဂိုးကွာခြားချက်(+၉) ဖြင့် တတိယနေရာတွင် ရပ်တည်နေပြီး ယင်းအသင်းများ၏နောက်တွင် တက္ကသိုလ်အသင်းက ၁၀ မှတ်၊ မောရဝတီအသင်းက ကိုးမှတ်၊ ငွေကြယ်ပွင့်အသင်းက ငါးမှတ်၊ ကချင်ယူနိုက်တက်အသင်းက လေးမှတ်ရထားကာ ယောမြေအသင်းမှာမူ ခုနစ်ပွဲစလုံးရှုံးပြီး အမှတ်မရသေးပေ။

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ - MNL