MNL အမှတ်ပေးပြိုင်ပွဲ ချန်ပီယံဆုအတွက် နောက်ဆုံးပွဲမှ အဖြေထွက်မည်

ရန်ကုန် ၂၈ စက်တင်ဘာ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၂၀) ကို စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ချန်ပီယံအသင်းမှာ ပြိုင်ပွဲနောက်ဆုံးနေ့မှ ထွက်ပေါ်မည်ဖြစ်သည်။

ပွဲစဉ် (၂၀) အဖြစ် စက်တင်ဘာ ၂၉ ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် စစ်ကိုင်းအသင်း၊ စက်တင်ဘာ ၃၀ ရက်တွင် သုဝဏ္ဏကွင်း၌ ရခိုင်အသင်းနှင့် Southern အသင်း၊ YUSC ကွင်း၌

အားကာသိပ္ပံအသင်းနှင့် ရန်ကုန်အသင်း၊ အောက်တိုဘာ ၁ ရက်တွင် သုဝဏ္ဏကွင်း၌ ဟံသာဝတီအသင်းနှင့် ဧရာဝတီအသင်း၊ YUSC ကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၁၉) အပြီးတွင် လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းက ၄၁ မှတ်ဖြင့် ထိပ်ဆုံးသို့ရောက်ရှိလာပြီး ဟံသာဝတီအသင်းက ရမှတ် ၄၀၊ ဧရာဝတီအသင်းက ၃၉ မှတ်၊ ရန်ကုန်အသင်းက ၃၄ မှတ်၊ ရတနာပုံအသင်းက ရမှတ် ၂၀၊ ရခိုင်အသင်းက ၁၈ မှတ်၊ စစ်ကိုင်းအသင်းက ၁၇ မှတ်၊ မကွေးအသင်းက ၁၃ မှတ်၊ အားကာသိပ္ပံအသင်းက ၁၁ မှတ်၊ Southern အသင်းက ခုနစ်မှတ်ရရှိထားသည်။ ပွဲစဉ် (၁၉) အပြီး ရပ်တည်မှုအရ ဇယားထိပ်ဆုံးသို့ ရောက်ရှိသွားသည့် ရှမ်းယူနိုက်တက်အသင်းသည် ချန်ပီယံဆုရယူနိုင်ရန် အကောင်းဆုံးအခြေအနေပိုင်ဆိုင်သွားပြီး နောက်ဆုံးပွဲတွင် အနိုင်ကစားရုံဖြင့် ချန်ပီယံဖြစ်မည်ဖြစ်သည်။

 ရှမ်းယူနိုက်တက်အသင်းသည် ပွဲစဉ် (၁၉) တွင် ဇယားထိပ်ဆုံးနေရာကို ပထမဆုံးရယူနိုင်ခဲ့ပြီး ချန်ပီယံဆုကာကွယ်နိုင်ရန် အကောင်းဆုံးအခြေအနေ ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ဇယားထိပ်ဆုံးတွင် တစ်လှည့်စီ ဦးဆောင်ခဲ့သည့် ဟံသာဝတီနှင့် ဧရာဝတီအသင်းတို့မှာ ပွဲစဉ် (၁၉) တွင် မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ သောကြောင့် ချန်ပီယံမျှော်လင့်ချက်အခွင့်အရေးနည်းသွားခြင်းဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမည့် နောက်ဆုံးပွဲတွင် အနိုင်ရရန် လိုအပ်သလို ရှမ်းအသင်း နိုင်ပွဲပျောက်ဆုံးမှသာ မျှော်လင့်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ချန်ပီယံဖြစ်နိုင်မည့်အသင်းများတွင် ရှမ်းယူနိုက်တက်အသင်းက အခွင့်အရေးအကောင်းဆုံးဖြစ်နေပြီး နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲနိုင်ခြင်းရှိ မရှိ အောက်တိုဘာ ၁ ရက်တွင် အဖြေထွက်ပေါ်မည်ဖြစ်သည်။

ချန်ပီယံဖြစ်နိုင်သည့်အသင်းများတွင် ရှမ်းယူနိုက်တက်အသင်းက လက်ရှိချန်ပီယံဖြစ်သလို ချန်ပီယံဆုကို နှစ်ကြိမ်ရရှိထားဖူးရာ ယခုနှစ်တွင် ထပ်မံဗိုလ်စွဲပါက နှစ်နှစ်ဆက်တိုက်ဗိုလ်စွဲခြင်းဖြစ်လာမည်ဖြစ်သလို သုံးကြိမ်မြောက်ဗိုလ်စွဲမှုအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ ဟံသာဝတီနှင့် ဧရာဝတီအသင်းတို့ ဗိုလ်စွဲပါက ပထမဆုံးအကြိမ် ဗိုလ်စွဲခြင်းဖြစ်လာမည်ဖြစ်ပြီး ချန်ပီယံအသင်းသစ် ထွက်ပေါ်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်