MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၄) ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည်

ရန်ကုန် ၃၁ ဇန်နဝါရီ

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၄)ကို ဖေဖော်ဝါရီ (၁၊ ၂၊ ၃)ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရန်ကုန်အသင်း၏ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲကြောင့် သောကြာနေ့တွင် စတင်ကျင်းပခြင်း ဖြစ်သည်။

ပွဲစဉ် (၄) အဖြစ် ဖေဖော်ဝါရီ ၁ ရက်တွင် သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် လက်ရှိချန်ပီယံ ရန်ကုန်အသင်း၊ ဖေဖော်ဝါရီ ၂ ရက်တွင် ဗထူးကွင်း၌ ရတနာပုံအသင်းနှင့် မကွေးအသင်း၊ မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် Chinland အသင်း၊ ဖေဖော်ဝါရီ ၃ ရက်တွင် သုဝဏ္ဏကွင်း၌ ဒဂုံအသင်းနှင့် ဧရာဝတီအသင်း၊ ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် Southern အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ 

ရန်ကုန်အသင်းသည် အင်္ဂါနေ့တွင် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ပထမအဆင့်ပွဲကို အဝေးကွင်း သွားရောက်ကစားရမည် ဖြစ်သော်လည်း အမှတ်ပေးချန်ပီယံဆုကို ကာကွယ်နိုင်ရန်အတွက် နိုင်ပွဲပြန်ရရန် ကြိုးစားဖွယ် ရှိနေသည်။

ပွဲစဉ်(၃)တွင် နိုင်ပွဲစရခဲ့သည့် ရတနာပုံနှင့် ရှမ်းယူနိုက်တက်အသင်းမှာလည်း ပွဲကျပ်များကစားရမည်ဖြစ်ပြီး ရတနာပုံအသင်းသည် အိမ်ကွင်း၌ ကစားရမည်ဖြစ်သော်လည်း ကစားပုံမာကျောသည့် မကွေးအသင်း ဖြစ်နေသောကြောင့် အားကုန်ထုတ်ကစားရဖွယ်ရှိနေသည်။

ရှမ်းယူနိုက်တက်အသင်းသည် ဟံသာဝတီအသင်းနှင့် အဝေးကွင်းပွဲကျပ်ကစားရမည်ဖြစ်ရာ နိုင်ပွဲဆက်ရန် ခက်ခဲဖွယ်ရှိနေသည်။ ရှမ်းယူနိုက်တက်အသင်းသည် နည်းပြအဖွဲ့ အင်အားဖြည့်သည့်အနေဖြင့် ဦးအောင်နိုင်ကို နည်းစနစ် ဒါရိုက်တာအဖြစ် ခန့်အပ်ထားသည်။

နည်းပြသစ် ဦးမျိုးလှိုင်ဝင်း၏ ပထမဆုံးပွဲဖြစ်သည့် ဒဂုံအသင်းနှင့်ပွဲတွင် ဧရာဝတီအသင်းအတွက် ပထမဆုံး နိုင်ပွဲရယူနိုင်ခြင်းရှိ၊ မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။

ပွဲစဉ် (၃) တွင် ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့သည့် Southern အသင်းနှင့် ဒဂုံအသင်းတို့၏ ရုန်းကန်မှုများကို စောင့်ကြည့်ရမည်ဖြစ်ပြီး ဧရာဝတီအသင်းကို သရေကစားခဲ့သည့် Chinland အသင်းသည် စစ်ကိုင်းအသင်း၏ အိမ်ကွင်းတွင် သွားရောက်စမ်းသပ်ခံရမည် ဖြစ်သည်။

ပွဲစဉ် (၃) အပြီးတွင်  ရန်ကုန်နှင့် ဟံသာဝတီအသင်းက ခြောက်မှတ်စီ၊ ရှမ်းယူနိုက်တက်၊ ရခိုင်၊ ဧရာဝတီနှင့် ရတနာပုံအသင်းတို့က ငါးမှတ်စီ၊ စစ်ကိုင်းနှင့် ဇွဲကပင်အသင်းက လေးမှတ်စီ၊ ဒဂုံနှင့် Southern အသင်းက သုံးမှတ်စီ၊ မကွေးနှင့် Chinland အသင်းက တစ်မှတ်စီရထားသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်