MNL ပွဲစဉ် (၂၀) တွင် ဧရာဝတီနှင့် ရန်ကုန် ထိပ်တိုက်တွေ့ဆုံ

ရန်ကုန် ၈ သြဂုတ်


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၀) ကို သြဂုတ် ၁၀၊ ၁၁၊ ၁၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ချန်ပီယံလမ်းကြောင်းပေါ်တွင် ရှိနေသည့် ထိပ်ဆုံးမှ ရန်ကုန်အသင်းနှင့် တတိယနေရာမှ ဧရာဝတီအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေသည်။


 ပွဲစဉ် (၂၀) အဖြစ် သြဂုတ် ၁၀ ရက်တွင် ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ရန်ကုန်အသင်း၊ သုဝဏ္ဏကွင်း၌ ဒဂုံအသင်းနှင့် ရတနာပုံအသင်း၊ သြဂုတ် ၁၁ ရက်တွင် တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဇွဲကပင်အသင်း၊ သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် Southern အသင်း၊ မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် ရခိုင်အသင်း၊ သြဂုတ် ၁၂ ရက်တွင် သုဝဏ္ဏကွင်း၌ Chinland အသင်းနှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။   


ပွဲစဉ် (၁၉) အပြီးတွင် ရန်ကုန်အသင်းက ၃၈ မှတ်ဖြင့် ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းက ၃၇ မှတ်စီ၊ ဟံသာဝတီအသင်းက ၃၂ မှတ်၊ ရခိုင်အသင်းက ရမှတ် ၃၀၊ ရတနာပုံအသင်းက ၂၆ မှတ်၊ စစ်ကိုင်းအသင်းက ၂၄ မှတ်၊ မကွေးအသင်းက ၂၁ မှတ်၊ Southern အသင်းက ၁၉ မှတ်၊ ဇွဲကပင်အသင်းက ၁၈ မှတ်၊ ဒဂုံအသင်းက ၁၄ မှတ်၊ Chinland အသင်းက ၁၃ မှတ် ရရှိထားသည်။  ပြိုင်ပွဲပြီးဆုံးရန် လက်ကျန်သုံးပွဲအလိုတွင် ချန်ပီယံဆုအတွက် ၃၈ မှတ်ရထားသည့် ရန်ကုန်အသင်း၊ ၃၇ မှတ်စီရထားသည့် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ မျှော်လင့်ချက်ရှိနေပြီး ယခုတစ်ပတ်တွေ့ဆုံနေသည့် ဧရာဝတီနှင့် ရန်ကုန်ပွဲမှာ ချန်ပီယံဆုအတွက် အတိုင်းအတာတစ်ခုထိ အဖြေထုတ်ပေးနိုင်မည်ဖြစ်သည်။ 


လက်ရှိချန်ပီယံရန်ကုန်အသင်းအနေဖြင့် ချန်ပီယံဆုကာကွယ်နိုင်ရန် ဧရာဝတီနှင့်ပွဲတွင် မဖြစ်မနေ အနိုင်ရရန် လိုအပ်နေပြီး အမှတ်လျော့ခဲ့ပါက ချန်ပီယံဆုကာကွယ်နိုင်ရန် အခွင့်အရေးနည်း သွားမည်ဖြစ်သည်။ ဧရာဝတီအသင်းအတွက်လည်း ချန်ပီယံမျှော်လင့်ချက်ကို အကောင်အထည် ဖော်နိုင်ရန် ယခုပွဲမှာ အရေးပါနေပြီး နိုင်ပွဲရယူနိုင်မှသာ ရန်ကုန်အသင်းအပေါ်သို့ ရောက်ရှိမည်ဖြစ်သည်။ ဒုတိယနေရာမှ ရှမ်းယူနိုက်တက်အသင်းအတွက်မူ ဧရာဝတီ-ရန်ကုန် ထိပ်တိုက်တွေ့ဆုံမှုကို အခွင့်ကောင်းရယူရမည်ဖြစ်ပြီး အနိုင်ကစားနိုင်ပါက ထိပ်ဆုံးနေရာကို ရယူနိုင်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။


တန်းဆင်းဇုန်အတွက်မူ ဒဂုံ၊ Chinland အသင်းတို့အပြင် အဆင့် (၁၀) နေရာတွင် ရပ်တည်နေသည့် ဇွဲကပင်အသင်းတို့၏ ရုန်းကန်မှုများကိုပါ ယခုတစ်ပတ်တွင် စောင့်ကြည့်ရမည်ဖြစ်သည်။


သတင်း - ညီမြတ်သော်တာ


ဓာတ်ပုံ - စိုးညွန့်