MNL ပြိုင်ပွဲတွင် စစ်ကိုင်း၊ ဟံသာဝတီနှင့် ဇွဲကပင် အနိုင်ရ

ဇွန် ၂၂

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၃) ပထမနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ စစ်ကိုင်း၊ ဟံသာဝတီနှင့် ဇွဲကပင်အသင်းတို့ အနိုင်ရခဲ့သည်။

မုံရွာကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းအသင်းက ရတနာပုံအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခုရာသီတွင် ရတနာပုံနှင့် တွေ့ဆုံတိုင်း ရလဒ်ကောင်းရနေသည့် စစ်ကိုင်းအသင်းသည် သုံးကြိမ်စလုံး အနိုင်ရခဲ့ပြီး အမှတ်ပေးပြိုင်ပွဲတွင် နှစ်ကျော့စလုံး အနိုင်ရခဲ့သည်။ စစ်ကိုင်းအသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် ထိပ်ဆုံးငါးသင်းစာရင်းဝင်ရန် သေချာသွားပြီး လေးပွဲဆက်နိုင်ပွဲပျောက်သည့် ရတနာပုံအသင်းမှာ ဖိအားများသွားခဲ့သည်။

စစ်ကိုင်းအသင်းသည် နိုင်ငံခြားသား ကစားသမားသုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့ပြီး ရတနာပုံ အသင်းကလည်း ရဲကိုဦး၊ လှိုင်းဘိုဘို၊ ဝင်းနိုင်ထွန်း၊ သိန်းသန်းဝင်းတို့ဖြင့် ပွဲထွက်ခဲ့သည်။ ခြေစွမ်းအရ ကွာခြားမှုမရှိသောကြောင့် ပွဲမှာ အပြန်အလှန်ရှိခဲ့ပြီး ရတနာပုံမှ ပြည့်စုံနိုင် ပယ်နယ်တီကန်သွင်းသော်လည်း စစ်ကိုင်းဂိုးသမား အေဇင်မှူး ကာကွယ်နိုင်ခဲ့သည်။

 ၃၁ မိနစ်တွင် စစ်ကိုင်းအသင်း ဂိုးစရခဲ့ပြီး မျိုးမင်းဖြိုး၏ ဖြတ်တင်ဘောကို ရတနာပုံနောက်ခံလူ ဇော်ရဲထွန်း ဖျက်ထုတ်ရာမှ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းသည် ဂိုးပေးလိုက်ရပြီး တစ်မိနစ်အကြာမှာပင် ချေပဂိုးပြန်ရခဲ့ပြီး ထိုင်းလိဂ်မှ ပြန်လည်ရောက်ရှိလာသည့် သိန်းသန်းဝင်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ မိနစ် ၅၀ တွင် စစ်ကိုင်းအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး အသင်းခေါင်းဆောင် ဒိုနယ်ကန်သွင်းသော်လည်း ရတနာပုံဂိုးသမား ချမ်းငြိမ်းကျော် ကာကွယ်နိုင်ခဲ့သည်။ ရတနာပုံဂိုးသမား ချမ်းငြိမ်းကျော်သည် ပယ်နယ်တီ ကာကွယ်နိုင်သော်လည်း ၅၈ မိနစ်တွင် အောင်လှိုင်ဝင်း သွင်းယူသည့် ပြစ်ဒဏ်ဘောကို ကာကွယ်ရာတွင် အားနည်းမှုများရှိခဲ့ပြီး ပြန်လျှံထွက်ရာမှတစ်ဆင့် ဝေဖြိုးသူက ပိတ်သွင်းယူခဲ့၍ စစ်ကိုင်း ဒုတိယဂိုးရခဲ့သည်။ ၅၉ မိနစ်တွင် ဒိုင်ကို စောဒကတက်မှုကြောင့် ရတနာပုံအသင်းခေါင်းဆောင် ရဲကိုဦး နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် စစ်ကိုင်းအသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့သည်။

ပဲခူး Grand Royal ကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက Southern အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီအသင်းသည် တိုက်စစ်မှူး မတ်ခ်၏ ဟက်ထရစ်အပါအဝင် ဂိုးပြတ်အနိုင်ရခဲ့ပြီး ဇွန် ၂၂ ရက်အပြီး ဇယားထိပ်ဆုံးနေရာတွင် ယာယီဦးဆောင်နိုင်ခဲ့သည်။ ဟံသာဝတီအတွက်ဂိုးများကို ၉၊ ၂၃၊ ၇၀ မိနစ်တွင် မတ်ခ်၊ ၃၆ မိနစ်တွင် ထက်လင်းလင်းတို့က သွင်းယူကာ Southern အတွက် ချေပဂိုးကို ၄၅ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ရှိုင်းသူရက သွင်းယူခဲ့သည်။ သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဇွဲကပင်အသင်းက မကွေးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ၇ မိနစ်တွင် ရာစင်က ဇွဲကပင်အတွက် ဂိုးစသွင်းပြီး ၆၇ မိနစ်တွင် အောင်ဇော်မြင့်က မကွေးအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ဇွဲကပင်အတွက်အနိုင်ဂိုးကို ၈၅ မိနစ်တွင် ကြည်လင်းက သွင်းယူခဲ့သည်။

ပွဲစဉ် (၁၃) ဒုတိယနေ့ကို ဇွန် ၂၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်း၊ သုဝဏ္ဏကွင်း၌ Chinland အသင်းနှင့် ဒဂုံအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-အောင်ဇေ

 

mdn