MNL ပြိုင်ပွဲတွင် လက်ရှိချန်ပီယံရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်း နိုင်ပွဲပြန်ရ

၁  မတ်

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းတို့ နိုင်ပွဲပြန်လည်ရရှိခဲ့သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ချင်းယူနိုက်တက်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် နိုင်ပွဲပြန်လည် ရရှိခဲ့သော်လည်း ရုန်းကန်ခဲ့ရပြီး နောက်ကျဂိုးများကြောင့်သာ အမှတ်ပြည့်ရခဲ့ခြင်းဖြစ်သည်။ တန်းဆင်းဇုန်ထဲ ရောက်သွားသည့် ချင်းယူနိုက်တက်အသင်း၏ ရုန်းကန်မှုကြောင့်လည်း ရှမ်းယူနိုက်တက်အသင်း အနေဖြင့် ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။

 

ပွဲများ ဆက်တိုက်ကစားနေရသည့်အပြင် ဒဏ်ရာရ ကစားသမားများရှိနေသည့် ရှမ်းယူနိုက်တက် အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ပြီး သီဟစည်သူ၊ ရန်နိုင်ဦး၊ ဒန်နီရယ်စသည့် အမာခံအများစုကို အနားပေးကာ လူငယ်အများစုဖြင့် ပွဲထွက်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်း၏ လူစာရင်းတွင် နိုင်ငံခြားသား ကစားသမားနှစ်ဦးသာ ပါဝင်သောကြောင့် ပုံမှန်ထက်ပိုမို ရုန်းကန်ခဲ့ရပြီး ပထမပိုင်းတွင် ဖိကစားနိုင်သော်လည်း ဂိုးသွင်းခွင့် အနည်းငယ်သာရခဲ့သည်။ ချင်းယူနိုက်တက် အသင်းမှာမူ နိုင်ငံခြားသား ကစားသမားသုံးဦးအပါအဝင် လူစုံအသုံးပြုကာ အမှတ်ရရန် အားထည့်ကစားခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းသည် ပထမပိုင်းတစ်ပိုင်းလုံး ဖိကစားနိုင်သော်လည်း ပထမပိုင်းပြီးခါနီးမှ ဂိုးစရခဲ့ပြီး ရဲရင့်ထွန်းက ပယ်နယ်တီ ဧရိယာထိပ်မှ ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ချင်းယူနိုက်တက်အသင်းက ချေပဂိုးရရန် ကြိုးပမ်းခဲ့ပြီး ၅၅ မိနစ်တွင် ဆင်မြူရယ်က ဂိုးပြန်သွင်းခဲ့သောကြောင့် လက်ကျန်မိနစ်များမှာ အကြိတ်အနယ်ရှိခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် မထင်မှတ်ဘဲ ဂိုးပေးလိုက်ရသောကြောင့် ဂိုးပြန်ရရန် ကစားသမားများ အပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြင့်ခဲ့သည်။ သို့သော် ရှမ်းအသင်း၏ ကစားပုံမှာ ချင်းယူနိုက်တက်အသင်း၏ ခံစစ်ကစားပုံအောက်တွင် ရုန်းကန်နေရပြီး နောက်ကျဂိုးများကြောင့်သာ အမှတ်ပြည့် ရခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၈၅ မိနစ်တွင် နန္ဒကျော်နှင့် ၉၀+၅ မိနစ်တွင် ဇင်မင်းထွန်းတို့က သွင်းယူခဲ့သည်။


ဝေသာလီကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက ရခိုင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းသည် ကြားရက်တွင် AFC Cup အုပ်စုပွဲကစားခဲ့သည့် လူစာရင်းအများစုဖြင့် ပွဲထွက်ခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်ရနေသည့် ကျော်ဇင်ထက်နှင့် ဇာနည်ထက်တို့ကို အနားပေးခဲ့သည်။ ရခိုင်အသင်းမှာလည်း အိမ်ကွင်း၌ အမှတ်ရရန် လူစုံအသုံးပြုခဲ့သော်လည်း ပွဲပြီးခါနီးတွင် ပေးလိုက်ရသည့် ဂိုးကြောင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးကို မိနစ် ၈၀ တွင် အီမန်နျူရယ်က သွင်းယူခဲ့သည်။

 

ပွဲစဉ် (၈) အပြီးတွင် ဟံသာဝတီအသင်းက ၂၁ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး ရန်ကုန်နှင့် ဧရာဝတီအသင်းက ရမှတ် ၂၀ စီ၊ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ၁၆ မှတ်၊ စစ်ကိုင်းအသင်းက ၁၃ မှတ်၊ ရခိုင်အသင်းက ၁၂ မှတ်၊ ရတနာပုံနှင့် အား/ကာသိပ္ပံအသင်းက ခုနစ်မှတ်စီ၊ မကွေးအသင်းက ခြောက်မှတ်၊ Southern နှင့် ချင်းယူနိုက်တက်အသင်းက လေးမှတ်စီ၊ ဇွဲကပင်အသင်းက သုံးမှတ်ရရှိထားသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်