MNL ပြိုင်ပွဲတွင် ရခိုင်အသင်း နောက်ကျဂိုးဖြင့် အနိုင်ရ

ရန်ကုန်  ၇  ဇူလိုင်

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၅) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ရခိုင်အသင်း နောက်ကျဂိုးဖြင့် အနိုင်ရခဲ့သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်အသင်းက ဇွဲကပင်အသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ ရခိုင်အသင်းသည် အရှုံးမှ အနိုင်ရခဲ့ခြင်းဖြစ်ပြီး ပွဲပြီးခါနီးနာကျင်အချိန်ပိုတွင် သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရခိုင်အသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် အဆင့် (၆) နေရာကို ရယူနိုင်ခဲ့ပြီး ဇွဲကပင်အသင်းမှာမူ တန်းဆင်းဇုန်မှလွတ်ရန် ဆက်လက်ရုန်းကန်ရမည်ဖြစ်သည်။

 

နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ခြေစွမ်းမကွာသောကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့သည်။ သို့သော် ဇွဲကပင်အသင်းသည် ရခိုင်အသင်းထက် တိုက်စစ်ကစားပုံပိုကောင်းခဲ့ပြီး မိနစ် ၆၀ ကျော်ဖြင့် သုံးဂိုး-တစ်ဂိုးရလဒ်ဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ပွဲအစ လေးမိနစ်တွင် ရာစင်က ဇွဲကပင်အသင်းအတွက် ဂိုးစတင်သွင်းယူခဲ့ပြီး ၈ မိနစ်တွင် အောင်သန့်ဇော်က ရခိုင်အတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ဇွဲကပင်အသင်းသည် ဂိုးပြန်ပေးလိုက်ရသော်လည်း ရခိုင်အသင်းဘက်သို့ ဖိအားပေးနိုင်ခဲ့ပြီး ၅၃ မိနစ်တွင် သိန်းတန်နှင့် ၅၅ မိနစ်တွင် ကင်မ်တို့က ဦးဆောင်ဂိုးများ သွင်းယူခဲ့သည်။ ဇွဲကပင်အသင်းသည် ယင်းနောက်ပိုင်းတွင် ပွဲကိုထိန်းကစားလိုက်ရာ ရခိုင်အသင်းအတွက် အခွင့်အရေးများသွားပြီး တောင်ပံကစားသမား ဇော်သိန်းဝင်းက ၆၈၊ ၇၆ မိနစ်တွင် ချေပဂိုးများပြန်သွင်းခဲ့သည်။ သရေကျပြီးနောက်ပိုင်းတွင် ရခိုင်အသင်းက ကစားပုံပိုကောင်းလာပြီး ၉၀+၃ မိနစ်တွင် တိုက်စစ်မှူး ဆင်မြူရယ်က အနိုင်ဂိုးသွင်းယူခဲ့သည်။ 

 

ပုသိမ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက Chinland အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပွဲအစမှာပင် နှစ်သင်းစလုံး ဂိုးများအပြန်အလှန်သွင်းခဲ့ပြီး ၇ မိနစ်တွင် ဆာဆက်နှင့် ၁၃ မိနစ်တွင် မာတူနာတို့က ဧရာဝတီအတွက် နှစ်ဂိုးဆက် သွင်းယူခဲ့သည်။ ၂၄ မိနစ်တွင် ထွန်းလင်းအောင်က Chinland အသင်းအတွက် ချေပဂိုးပြန်သွင်းသော်လည်း ဧရာဝတီက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့သည်။ ဧရာဝတီအသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် တတိယနေရာသို့ ရောက်ရှိလာသည်။ မော်လမြိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် Southern အသင်းက စစ်ကိုင်းအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အပြန်အလှန်သွင်းဂိုးများကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး Southern အသင်းသည် မိနစ် ၇၀ ကျော်တွင် သွင်းယူသည့်ဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပွဲအစတွင် နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားပြီး ၁၁ မိနစ်တွင် ရဲထက်အောင်၊ ၁၆ မိနစ်တွင် ကောင်းစည်သူက Southern အသင်းအတွက် ဂိုးများစတင်သွင်းယူသော်လည်း စစ်ကိုင်းအတွက် ချေပဂိုးများကို ၃၅ မိနစ်တွင် မျိုးမင်းဖြိုး၊ ၄၂ မိနစ်တွင် ဖရိုင်းဒေးတို့က ပြန်သွင်းခဲ့၍ ပထမပိုင်းအပြီးတွင် နှစ်ဂိုးစီသရေကျနေသည်။ Southern အသင်းအတွက် အနိုင်ဂိုးများကို ၇၆ မိနစ်တွင် ကောင်းစည်သူနှင့် ၇၉ မိနစ်တွင် ရှိုင်းသူရတို့က သွင်းယူခဲ့သည်။

 

ပွဲစဉ် (၁၅) အပြီးတွင် ရန်ကုန်အသင်းက ရမှတ် ၃၀ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်အသင်းက ၂၉ မှတ်၊ ဧရာဝတီအသင်းက ၂၇ မှတ်၊ ဟံသာဝတီအသင်းက ၂၅ မှတ်၊ စစ်ကိုင်းနှင့် ရခိုင်အသင်းက ၂၃ မှတ်စီ၊ ရတနာပုံအသင်းက ၂၁ မှတ်၊ ဇွဲကပင်နှင့် Southern အသင်းက ၁၅ မှတ်စီ၊ မကွေးအသင်းက ၁၄ မှတ်၊ ဒဂုံအသင်းက ၁၃ မှတ်နှင့် Chinland အသင်းက ကိုးမှတ်ရရှိထားသည်။ 

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-ဖိုးသော်ဇင်