MNL ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ထိပ်ဆုံးနေရာရောက်လာ

ရန်ကုန် ၁၁ သြဂုတ်

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၀) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ ရှမ်းယူနိုက်တက်အသင်း နိုင်ပွဲရယူပြီး ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့သည်။

တောင်ကြီးကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ဇွဲကပင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဧရာဝတီနှင့် ရန်ကုန်အသင်းတို့ သရေကျမှုကို အခွင့်ကောင်းယူကာ အိမ်ကွင်းနိုင်ပွဲနှင့်အတူ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့သည်။ လက်ကျန်နှစ်ပွဲအလိုတွင် တစ်မှတ်အသာဖြင့် ထိပ်ဆုံးရောက်လာသည့် ရှမ်းယူနိုက်တက်အသင်းသည် ချန်ပီယံဆု ရယူနိုင်ရန် အခွင့်ကောင်းသွားခဲ့သည်။ ဇွဲကပင်အသင်းမှာမူ ယခုပွဲအရှုံးကြောင့် တန်းဆင်းဇုန်အန္တရာယ်ရှိနေဆဲဖြစ်ပြီး လက်ကျန်နှစ်ပွဲတွင် ဆက်လက်ရုန်းကန်ရမည်ဖြစ်သည်။

 

mdn

 

ရှမ်းယူနိုက်တက်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့သော်လည်း ပုံစံကောင်းရရန် ရုန်းကန်နေရဆဲဖြစ်ပြီး နိုင်ပွဲရရန် ခက်ခက်ခဲခဲ ကစားခဲ့ရသည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲအစတွင် ရုန်းကန်ခဲ့ရသော်လည်း မိနစ် ၂၀ နောက်ပိုင်းတွင် တိုက်စစ်ကစားပုံကောင်းလာပြီး  ၂၈ မိနစ်တွင် နန္ဒကျော်က ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ အမှတ်လိုနေသည့် ဇွဲကပင်အသင်းမှာလည်း ချေပဂိုးရရန် ရုန်းကန်ခဲ့ရာ ၄၁ မိနစ်တွင် ဂိုးပြန်ရခဲ့ပြီး သက်ပိုင်ထွေးက သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက အနိုင်ဂိုးရရန် အားပိုထည့်ကစားခဲ့ပြီး ၅၃ မိနစ်တွင် တိုက်စစ်မှူး ဒွေးကိုကိုချစ်က သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဇွဲကပင်အသင်း ချေပဂိုးရရန် ကြိုးပမ်းလာရာ ရှမ်းယူနိုက်တက်အသင်း ခံစစ်ကို အမှားအယွင်းမရှိ ထိန်းချုပ်ကစားခဲ့ပြီး အနိုင်သုံးမှတ် ရယူနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် ရှုံးပွဲမရှိသေးသည့်အပြင် ထိပ်ဆုံးမှ ရန်ကုန်အသင်း၏ သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို အခွင့်ကောင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

မုံရွာကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းအသင်းက ရခိုင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ စစ်ကိုင်းအသင်းအတွက် ဂိုးများကို တိုက်စစ်မှူး ဒိုနယ်က ၄၈၊ ၆၂ မိနစ်တွင် သွင်းယူပြီး ရခိုင်အတွက် ချေပဂိုးကို ၉၀+၄ မိနစ်တွင် အောင်သန့်ဇော်က သွင်းယူသည်။ ဒိုနယ်သည် ၈၁ မိနစ်တွင်ရရှိသည့် ပယ်နယ်တီကိုဝင်အောင်မသွင်းနိုင်၍ ဟက်ထရစ်ရမည့် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။ သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် မကွေးအသင်းက Southern အသင်းကို ငါးဂိုးပြတ်အနိုင်ယူပြီး တန်းဆင်းဇုန်အန္တရယ်မှလွတ်ရန် သေချာသွားခဲ့သည်။ မကွေးအသင်းအတွက် အနိုင်ဂိုးများကို မိနစ် ၂၀ တွင် သီဟ၊ ၃၉ မိနစ်တွင် နိုင်နိုင်ကျော်၊ ၅၅ မိနစ်တွင် ပြည်မိုး၊ ၈၆၊ ၉၀+၃ မိနစ်တွင် အောင်ဇော်မြင့်တို့က သွင်းယူခဲ့သည်။ သြဂုတ် ၁၀ ရက်က ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက ဒဂုံအသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရပြီး ဧရာဝတီနှင့် ရန်ကုန်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။

ပွဲစဉ် (၂၀) နောက်ဆုံးနေ့ကို သြဂုတ် ၁၂ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌  ဆက်လက်ကျင်းပမည်ဖြစ်ပြီး Chinland အသင်းနှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်