MNL တန်းဆင်းဇုန်အတွက် အရေးပါသည့်ပွဲတွင် Southern နိုင်ပွဲရရှိ

ရန်ကုန် ၂၈ ဇွန်


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၄) ပထမနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ Southern အသင်းက Chinland အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

                 
တန်းဆင်းဇုန်အတွက် အရေးပါသည့်ပွဲတွင် Southern အသင်း အနိုင်ရခဲ့ပြီး ရှုံးပွဲကြုံတွေ့ခဲ့သည့် Chinland အသင်းမှာမူ ဇယားအောက်ဆုံးရောက်သွားကာ ဖိအားပိုများသွားခဲ့သည်။ ဒုတိယပိုင်းမှ အပြန်အလှန် သွင်းဂိုးများဖြင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး Southern အသင်းက နောက်ကျဂိုးဖြင့် အနိုင်ရခဲ့သည်။


Chinland အသင်းသည် နိုင်ငံခြားသား ကစားသမားသုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့သလို Southern အသင်းကလည်း ပြည့်ဖြိုးအောင်၊ ကောင်းစည်သူ၊ စွမ်းထက်အောင်၊ ဝင်းမင်းထွဋ်တို့ဖြင့် ပြန်လည်ရင်ဆိုင်ခဲ့သည်။ ပထမပိုင်းတွင် Southern အသင်းက ပိုဖိနိုင်ခဲ့ပြီး Chinland အသင်းသည် ထိရောက်သည့် ဂိုးသွင်းခွင့်များ မဖန်တီးနိုင်ခဲ့၍ ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ Southern အသင်းသည် ဂိုးရနိုင်သည့် အခွင့်အရေးအချို့ ဖန်တီးနိုင်သော်လည်း အသုံးမချနိုင်၍ ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေကျနေသည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး တိုက်စစ်မြင့်လာပြီး ဂိုးသွင်းခွင့်များလည်း ဖန်တီးနိုင်ခဲ့သည်။ မိနစ် ၇၀ တွင် အန်ဒူဆိုက Chinland အတွက် ဂိုးစသွင်းသော်လည်း ၈၂ မိနစ်တွင် ဝင်းမင်းထွဋ္ဋ်က Southern အတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန် ရှိခဲ့ပြီး Southern အတွက် အနိုင်ဂိုးကို  ပွဲပြီးခါနီးတွင် ကောင်းစည်သူက သွင်းယူခဲ့သည်။


              
ဒုတိယနေ့ကို ဇွန် ၂၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် ရန်ကုန်အသင်း၊ သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်