မွန်လူမျိုးရဲ့ ယဉ်ကျေးမှုအမွေအနှစ်၊ စာပေဘာသာစကားတွေကို လက်ဆင့်ကမ်း သယ်သွားရေး အတွက် မွန်အမျိုးသားနေ့ကျင်းပ

သထုံ ၁ ဖေဖော်ဝါရီ

 

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၁၈ ခုနှစ်၊ (၇၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ကို တံတားဦးကျေးရွာအုပ်စု၊ ဒင်္ဂါးဆိပ်ကျေးရွာတွင် ဖေဖော်ဝါရီလ ၁ ရက်၊ နံနက်က စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

မွန်အမျိုးသားနေ့ကို မွန်တိုင်းရင်းသားတို့၏သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ လူမျိုးနှင့် ဘာသာစကား စသည်တို့အား မေ့ပျောက်သွားခြင်းမရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သထုံမြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး မင်းတင်နွယ်က ပြောသည်။

 

“မွန်တိုင်းရင်းသားတွေက ငြိမ်းချမ်းခြင်းရဲ့ အနှစ်သာရကို လိုလားကြသလို တိုင်းရင်းသား ညီအစ်ကိုတွေ အားလုံးကိုလည်း ငြိမ်းချမ်းရေးအရသာကို တန်းတူခံစားစေချင်တယ်။ မွန်လူမျိုး ဆိုတာက သမိုင်း အစဉ်အလာအရ ထင်ရှားခဲ့တဲ့ လူမျိုးတစ်မျိုးပါ မွန်လူငယ်တွေအနေနဲ့ ကိုယ့် လူမျိုးရဲ့ ထုံးတမ်းအစဉ်အလာ ယဉ်ကျေးမှုအမွေနှစ် စာပေဘာသာစကားတွေကို အလေးထားပြီး အဆင့်ဆင့် လက်ဆင့်ကမ်း သယ်သွားဖို့လိုတယ်” ဟု ၄င်းက ဆက်လက် ပြောကြားသည်။

 

 

မွန်အမျိုးသားနေ့မှာ သာသနာသက္ကရာဇ် (၁၁၁၆) ခုနှစ် တပို့တွဲလပြည့်ကျော်(၁) ရက်နေ့တွင် သမလနှင့် ဝိမလ ညီနောင်နှစ်ပါးတို့က ဟံသာဝတီမင်းနေပြည်တော်ကြီးအား စတင်တည်ထောင်ခဲ့သည့် နေ့အား နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ကာ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

 

နံနက် ၇ နာရီမှစတင်ကာ အခမ်းအနားကိုကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်အလံနှင့် မွန်အမျိုးသား အလံတော်တို့အား တက်ရောက်လာသူများက အလေးပြုကြသည်။ ယင်းနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှ မွန်အမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့အတွင်းရေးမှူး မင်းတင်နွယ်က ဖတ်ကြားပြီး သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို တိုင်းရင်းသား တစ်ဦးက မွန်ဘာသာ၊ မြန်မာဘာသာတို့ဖြင့်ရှင်းလင်း ပြောကြားကာ ဒေသအတွင်း မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပခွင့်ရရှိခြင်းနှင့် ပတ်သတ်၍ ဒင်္ဂါးဆိပ်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။

 

အဆိုပါနေ့တွင် သထုံမြို့နယ်အတွင်းရှိ အသက် ၈၀ နှင့်အထက် မွန်တိုင်းရင်းသား သက်ကြီး ဘိုးဘွားများအား ကျင်းပရေး ကော်မတီဝင်များက လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်ခဲ့သော မွန်တိုင်းရင်းသား တိုင်းရင်းသူများအား ဆုများချီးမြှင့် ပေးကာ မွန်ယဉ်ကျေးမှုအဖွဲ့များက ယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 

 

သက်ဦး(သထုံ)