မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး ရလဒ်ကောင်းများဆောင်ကြဉ်း

မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ အင်အားကြီး နိုင်ငံကြီး နှစ်နိုင်ငံ အကြားတွင် တည်ရှိနေသည်။ ယင်းသည် ထူးခြားချက်ပင်ဖြစ်သည်။ ရေမြေ သဘာဝနှင့် ယဉ်ကျေးမှုအစဉ်အလာများမှာ ရှေးအစဉ်အဆက်မှ ယနေ့ အထိတိုင် ပေါင်းစည်းယှက်နွှယ် ဆက်သွယ်နေသဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မိသားစုသဖွယ် ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်ရင်းနှီးမှုများ တိုးပွားနေသည်။

 

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ယဉ်ကျေးမှု၊ သမိုင်းကြောင်း အစဉ်အလာနှင့် ထိတွေ့ဆက်ဆံမှုများမှာ ရှေးပဝေသဏီ အစဉ်အဆက်မှ စ၍ တစ်သားတည်းဖြစ်ခဲ့သလို နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်း အားထုတ်မှုများတွင်လည်း အတူလက်တွဲ ဆောင်ရွက်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလတွင် နှစ်နိုင်ငံ ခေါင်းဆောင်များနှင့် ပြည်သူများ အစဉ်အလာမပျက် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဖြစ်ထွန်းခဲ့သည်။

 

မျက်မှောက်ကာလတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင် ထိန်းသိမ်းနိုင်ခဲ့သည်။ အနီးစပ်ဆုံး အားဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ အိန္ဒိယ နိုင်ငံသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်နှင့် ဇနီးတို့ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို ဦးဆောင်သောအဖွဲ့ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည်။

 

အိန္ဒိယနိုင်ငံသမ္မတ မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ချစ်ကြည်ရေး လာရောက်စဉ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ထင်သာမြင်သာရှိသော ရလဒ်ကောင်းများ ပေါ်ထွက်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူ ဒုက္ခသည်များ ပြန်လည်လက်ခံရေးတွင် ဆက်လက်ကူညီမည်ဖြစ်ကြောင်း အိန္ဒိယ သမ္မတက အာမခံထားသည်။ မြန်မာနိုင်ငံ၏ ပြင်းပြသောဆန္ဒများ ပြည့်ဝဖို့ အိန္ဒိယနိုင်ငံက ကူညီဖြည့်ဆည်းပေးဖို့ အမြဲအဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့သည်။

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီရန်ဒရာမိုဒီနှင့် တွေ့ဆုံစဉ် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပေါင်းစည်းဆက်နွှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် နှစ်နိုင်ငံ သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ အပြန်အလှန် လဲလှယ် ပေးအပ်ခဲ့ကြသည်။

 

နှစ်နိုင်ငံသဘောတူညီချက်များတွင် တရားမဝင်သစ်ကူးသန်း ရောင်းဝယ်မှု တိုက်ဖျက်ရေး၊ ကျားနှင့် အခြား တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ ရေနံထွက် ပစ္စည်းများနှင့် လူကုန်ကူးမှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးခဲ့သည်။ မြောက်ဦးမြို့နယ်ရှိ ဆေးရုံတွင် စွန့်ပစ်ပစ္စည်းမှ စွမ်းအင် ပြန်လည်ထုတ်ယူနိုင်သည့် စက်ရုံတည်ဆောက်ရေး၊ ဂွမြို့နယ်တွင် မျိုးစေ့သိုလှောင်ရုံများနှင့် ရေပေးဝေရေးစနစ် တည်ဆောက်ရေးဆိုင်ရာ စီမံကိန်း၊ ရခိုင်ပြည်နယ် မြို့နယ် ငါးမြို့နယ်၌ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဆိုင်ရာစီမံကိန်း၊ ဘူးသီးတောင်မြို့နယ် အတွင်း ကျေးရွာလမ်းခင်းခြင်းစီမံကိန်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်တွင် မူလတန်းကြိုကျောင်းများ ဆောက်လုပ်ရေး စီမံကိန်းများကို သဘောတူညီခဲ့ကြသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံဆက်ဆံရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် နှစ်နိုင်ငံခေါင်းဆောင်များနှင့် နှစ်နိုင်ငံပြည်သူများအကြားတွင် အစဉ်အလာမပျက် ဆက်လက်ဖွံ့ဖြိုး တိုးတက်လျက်ရှိပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အိန္ဒိယသမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်မှ မြန်မာနိုင်ငံအတွက် အကျိုးရလဒ်ကောင်းများကို ထပ်မံဆောင်ကြဉ်းလာမည်ဟု ယုံကြည်ပါကြောင်း။

 

ကြေးမုံ