မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကို ငွေကျပ် ၂၀ ဘီလီယံဖြင့် ဆောင်ရွက်သွားမည်

နေပြည်တော် ၂၂ ဖေဖော်ဝါရီ

 

၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေပါ အရေးပေါ် ရန်ပုံငွေမှ ငွေကျပ် ၂၀ ဘီလီယံဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီက ပြည်ထာင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၂၆၀၁၁ ဒသမ ၁၃၁ သန်း ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက “ မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်းမြေထိစပ်နေတဲ့ နယ်နိမိတ် နယ်စပ်ခြံစည်းရိုး ကာရန်ခြင်းကို  BP-68 အနီးမှ BP-69 အနီးအထိ ၁၁ ဒသမ ၅ မိုင်အရှည်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် နိုင်ငံတော်သမ္မတရဲ့ အရေးပေါ်ရန်ပုံငွေမှ ငွေကျပ် ၂၀ ဘီလီယံဖြင့် ဝိုင်ပုံ သဏ္ဌာန်နှင့် သွပ်ဆူးကြိုးအဝိုင်း ၂ ပေထပ်တိုးပုံစံ ခြံစည်းရိုးကာခြင်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်တဲ့ မြေညှိ၊ မြေဖြတ်ပြုလုပ်ခြင်း၊ ကင်းလှည့်မြေသားလမ်း အကျယ်ပေ ၄၀ အရှည် ၁၁ ဒသမ ၅ မိုင်ပြုလုပ်ခြင်း၊ ၅” ၅” ပေ ၄၀ သံကူကွန်ကရစ် ရေထွက်ပေါက် ၁၆၁ ခုပြုလုပ်ခြင်း၊ ၁၀” ၁၀” ပေ ၄၀ သံကူကွန်ကရစ် ရေထွက်ပေါက် ၂၅ ခု ပြုလုပ်ပေးခြင်း၊ ဂိုဒေါင်သုံးလုံး အပါအဝင် အဆောက်အဦ ရှစ်လုံး ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမှာ ဖြစ်တယ်” လို့  ပြောသည်။

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်းမြေထိစပ်လျက်ရှိတဲ့ နယ်နိမိတ်အရှည်ဟာ ၁၈၂ ဒသမ ၆၈ မိုင်ရှိပြီး အဆိုပါ ကုန်းမြေထိစပ်နေတဲ့ နယ်နိမိတ် နယ်စပ်ခြံစည်းရိုးကာရန်ခြင်း လုပ်ငန်းတွေကို ၂၀ဝ၉ ခုနှစ် မတ်လ ၁၃ ရက်နေ့ကနေ ၂၀၁၅ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်ခဲ့ရာ နယ်နိမိတ် မှတ်တိုင် B-2 မှ BP-66 အထိ ၁၂၆ ဒသမ ၆၈ မိုင် ခြံစည်းရိုး ကာရံထားရှိပြီး ဖြစ်သည်။

 

အလားတူ စတုတ္ထအဆင့် အဖြစ် BP-66 မှ မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ သုံးနိုင်ငံ နယ်နိမိတ်ဆုံရာ နေရာဖြစ်တဲ့ B-1 အထိ ၅၆ မိုင်ကို ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေပါတယ်။ စတုတ္ထအဆင့်အဖြစ် ဆက်လက် ဆောင်ရွက်ရာမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ၁၁ ဒသမ ၅ မိုင် နယ်စပ်ခြံစည်းရိုး ကာရံခဲ့ပြီးတော့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာတော့ ၃ ဒသမ ၂ မိုင်ကို ထပ်မံတိုးချဲ့ ဆောင်ရွက်ခဲ့ပါတယ်၊ ၃ ဒသမ ၂ မိုင်အတွက်ကို ဝိုင်ပုံသဏ္ဌာန်နှင့် သွပ်ဆူးကြိုးအဝိုင်း ၂ ပေ ထပ်တိုးပုံစံ၊ ခြံစည်းရိုးပုံစံ ပြောင်းလဲဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆောင်ရွက်မှုပြီးစီးပါက BP-66 နဲ့ BP-68 အကြား စုစုပေါင်း ၁၄ ဒသမ ၇ မိုင် ပြီးစီးမှာဖြစ်ပြီး ၁၅ မိုင်အတွက် ကျန်ရှိတဲ့ ဒသမ ၃ မိုင်ကိုလည်း တစ်ဆက်တစ်စပ်တည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းတင်ပြရာတွင် ပြောသည်။

 

၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၂၆၀၁၁ ဒသမ ၁၃၁ သန်း ခွဲဝေသုံးစွဲရာတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ကျပ် ၂၀ ဘီလီယံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကျပ် ၄၉၈၉ ဒသမ ၆၉၄ သန်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ငွေကျပ် ၁၀၂၁ ဒသမ ၄၃၇ သန်းအား ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၃/၂၀၁၈ မှ သဘောတူ ခွင့်ပြုချက်နှင့်အညီ ခွဲဝေရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

မျိုးထက်ဦး(MDN)