မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု

၉ သြဂုတ်
 

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာတာရိုခိုနိုတို့က နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို၂၀၁၈ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါနှစ်နိုင်ငံပူးတွဲ သတင်းစာ ရှင်းလင်းပွဲသည် နှစ်နိုင်ငံကြား သမိုင်းစဉ်ဆက်တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အနာဂတ်ကာလတွင် တိုးတက်ဖြစ်ထွန်းပေါ်ပေါက်လာမည့် ချစ်ကြည်ရင်းနှီးမှုတို့ကို ထင်ဟပ်ဖော်ပြလျက်ရှိပါသည်။

 

နှစ်နိုင်ငံပြည်သူများ ရင်ဆိုင်ခံစားရလျက်ရှိသော ရေဘေးဒုက္ခအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့က စာနာမိကြောင်း အပြန်အလှန် နွေးနွေးထွေးထွေး ဖော်ပြခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး၏ နက်ရှိုင်းခိုင်မာမှုကို လှစ်ဟဖော်ပြနေပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ခရီးစဉ်အတွင်း ကတိကဝတ်ပြုခဲ့သော ရန်ကုန်မြို့ ပြဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်ကဏ္ဍများ၌ မြန်မာပြည်သူတို့၏ နေထိုင်မှုဘဝအဆင့်မြှင့်တင်ရေးတို့အား ထပ်လောင်းအာမခံ ပြောကြားခဲ့ပါသည်။

 

ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်လျက်ရှိသည့် လွတ်လပ် သောစုံစမ်းရေး ကော်မရှင်ဖွဲ့စည်းမှုအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နားလည်မှု စာချွန်လွှာ(MoU) ရေးထိုးခဲ့ခြင်းအပေါ် အသိအမှတ်ပြုတန်ဖိုးထားကြောင်း ဖွင့်ဟပြောဆိုခဲ့ပါသည်။ ထို့အပြင် ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ရခိုင်ပြည်နယ်တစ်ခုလုံး၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအပါအဝင် ပြည်သူလူထု၏ နေထိုင်မှုဘဝအဆင့်မြှင့်တင်ရေး အရေးပါပုံကိုလည်း အသိအမှတ်ပြုပြောကြားခဲ့ပါသည်။ ဤကဲ့သို့ အသိအမှတ်ပြု ပြောကြားခြင်းနှင့်အတူ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ရထားလမ်း၊ ကားလမ်းများ တည်ဆောက် ရေးနှင့် လျှပ်စစ်မီးရရှိရေးအပါအဝင် ကျောင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက် ကူညီပံ့ပိုးမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြု ပြောကြားခဲ့ပါသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအား ခိုင်မာသည်ထက်ခိုင်မာစေရေး ဆောင်ရွက်ရာ၌ ရုပ်ပိုင်းဆိုင်ရာကိစ္စရပ်များသာမက စိတ်ပိုင်းဆိုင်ရာ ကိစ္စရပ်တို့၏ အရေးပါပုံကို အလေးအနက်ထား ပြောကြားခဲ့ပါသည်။ စိတ်ပိုင်းဆိုင်ရာကိစ္စရပ်ဟူသည် နှစ်နိုင်ငံပြည်သူလူထုကြား ပိုမိုနားလည် ခင်မင်မှုရှိရေး ဖြစ်ကြောင်းကိုပါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဓိပ္ပာယ်ဖွင့်ဆိုပြောကြား ခဲ့ပါသည်။ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေါက်တာကို ဖီအာနန်ကော်မရှင်၏ အကြံပြုချက်(၈၈)ချက် အနက် (၈၁)ချက် အကောင်အထည်ဖော်ပြီး ဖြစ်သည်ကို ထောက်ပြပြောဆိုခဲ့ပါသည်။ ကျန်ရှိသော (၇)ချက်က ရေရှည်အကောင်အထည်ဖော်မှ ဖြစ်မြောက်နိုင်မည် ကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းပြောဆိုခဲ့ပါသည်။ ရခိုင်ပြည်နယ်အရေး၏ ရေရှည်ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပုံကိုလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက လက်ခံအသိအမှတ်ပြု ပြောကြား ခဲ့ပါသည်။ ဤနှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲက မြန်မာ-ဂျပန်နှစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ခိုင်မာတောင့်တင်း လျက်ရှိသော ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။