မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် (၆)ကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၅ မတ်

မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် (၆)ကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် Horizon Lake View Resort Hotel ၌ ကျင်းပသည်။

 

ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က            တက်ရောက်လာသူများအား လက်ရှိ ကမ္ဘာ့နိုင်ငံပေါင်း (၇၃)နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ (Covid-19)နှင့် ပတ်သက်၍ လူတစ်ဦးချင်းက ကြိုတင်ကာကွယ်နိုင်ရန်အလို့ငှါ အသိပညာပေးစာစောင်များနှင့် မှတ်တမ်းဗွီဒီယိုပြသ၍ ရှင်းလင်းပြောကြားသည်။ 

 

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ဆက်လက်ပြောကြားရာတွင် မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ (၆)နှစ်မြောက်ရှိ ပြီဖြစ်ပါကြောင်း၊ (၆)နှစ်တာအတွင်း ပူးပေါင်းဆောင်ရွက်မှုများအရ နှစ်နိုင်ငံအကြား ပိုမိုအနီးကပ်ပူးပေါင်းရန်နှင့် သတင်းအချက်အလက် ဖလှယ်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊  ဂျပန်နိုင်ငံ MLIT ဝန်ကြီးဌာနသည် အခြားနည်းပညာ ဆိုင်ရာဌာနများ၊ မိတ်ဆက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးအတွက် ပဲခူး-စစ်တောင်းမြစ်ဝှမ်းအတွက် ရေးဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုလျှော့ချရေး Master Plan နှင့် ဒေသန္တရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစီမံချက်များကို ရေးဆွဲအကောင်အထည်ဖော်နိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ အဆိုပါစီမံကိန်းသည် ပဲခူးတိုင်းဒေသကြီးတွင် နှစ်စဉ်ဖြစ်ပွားလျက်ရှိသော ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို လျှော့ချပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊  ပဲခူးတိုင်းဒေသကြီးရှိ ရေဘေး ကာကွယ်ရေးလုပ်ငန်းများတွင် တာတမံများသည်လည်း များစွာအရေးကြီးပါကြောင်း၊ သဘာဝဘေးဆိုင်ရာကိန်းဂဏန်း အချက်အလက်များအရ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သည် သဘာဝဘေးမျိုးစုံကျရောက်နိုင်သည့် ဒေသများဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများသည် စိုက်ပျိုးမွေးမြူရေး ကဏ္ဍကို အဓိကအားထားနေရပြီး ရေဘေးအန္တရာယ်သည် စိုက်ပျိုးရေးကဏ္ဍကို အများဆုံး ထိခိုက်နိုင်ပါကြောင်း၊ နိုင်ငံ၏ လူဦးရေ (၇၀%)သည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး ၎င်းတို့၏ ဝင်ငွေရရှိရေးသည် စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် မူတည်နေပါကြောင်း၊ ထို့ကြောင့် ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းဖြင့်လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် ဒုတိယသမ္မတ-၂ ဦးဆောင်သော အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (NDMC)နှင့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ (NWRC)တို့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး  NDMC သည် သဘာဝဘေးအန္တရာယ် အမျိုးမျိုးအား စီမံခန့်ခွဲမှုများကို ဆောင်ရွက်ရပြီး၊ NWRC သည် ရေဘေးအန္တရာယ်နှင့် ရေနှင့်ဆက်စပ်သော ဘေးအန္တရာယ်များအား အဓိကထား ဆောင်ရွက်လျက် ရှိပါကြောင်း၊  အခြေခံအဆောက်အဦများ ခိုင်ခံ့၍ ဘေးဒဏ်ခံနိုင်ပါက ပြည်သူများ၏ အသက်အိုးအိမ် ဆုံးရှုံးမှုများမှ ကာကွယ်ပေးနိုင်သည့်အတွက် MLIT အနေဖြင့် နည်းပညာဆိုင်ရာ အထောက်အပံ့မှုများ သာမက မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး ထည့်သွင်းစဉ်းစားစေချင်လိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှတာဝန်ခံ၊ Mr. Kazuyuki TAKIMI က ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးလုပ်ငန်းရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုဖြစ်သော ဆန်ဒိုင်းမူဘောင် အကောင်အထည်ဖော်ရေးကိုလည်း အလေးထား အကောင်အထည်ဖော်လျက်ရှိပါကြောင်း ပြောကြားသည်။

 

ဆွေးနွေးပွဲ၏ ဒုတိယပိုင်းအစီအစဉ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် Japan International Cooperation Agency (JICA) တို့မှတာဝန်ရှိသူများက ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက် ဌာနအလိုက် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြကြသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန (Ministry of Land, Infrastructure, Transport and Tourism- MLIT) သည် သဘာဝဘေး စီမံခန့်ခွဲမှု ဆိုင်ရာလုပ်ငန်းရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် (Memorandum of Cooperation- MoC) ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သက်တမ်းတိုးခဲ့သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအရ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်