မြန်မာ MMA ကစားသမား အောင်လအန်ဆန် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရ

၃ ဇူလိုင်


နာမည်ကြီး မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ထားရကြောင်း ၎င်း၏ Facebook မှတစ်ဆင့် ပရိသတ်များကို အသိပေးခဲ့သည်။ အောင်လအန်ဆန်သည် အမေရိကန်နိုင်ငံတွင် နေထိုင်သူဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်နိုင်သည့် အလားအလာများ ဖြစ်ပေါ်ခဲ့၍ ဆေးစစ်ခဲ့ရာကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

 

ထို့ကြောင့် အောင်လအန်ဆန်သည် လေ့ကျင့်မှုများ ရပ်နားထားရသလို ၎င်း၏ မိသားစုများပါ Quarantine နေထိုင်ရမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

 

အောင်လအန်ဆန်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲများယှဉ်ပြိုင်ရခြင်း မရှိသေးသော်လည်း လေ့ကျင့်မှုမပြတ်ရန် စဉ်ဆက်မပြတ် လေ့ကျင့်နေသူလည်းြဖစ်သည်။ ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ရင်ဆိုင်နေရပြီး ကမ္ဘာကျော်ဘောလုံးသမားများ၊ နာမည်ကြီးအားကစားသမားများလည်း ကူးစက်ခံနေရသလို အောင်လအန်ဆန်လည်း ကူးစက်ခံထားရကြောင့် မြန်မာစံတော်ချိန် ဇူလိုင် ၃ ရက် နံနက်အစောပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

အောင်လအန်ဆန်သည် ယခင်က ဧပြီ ၁၀ ရက်တွင် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ် သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသလို မေလကုန်တွင် ပြန်လည်စီစဉ်ထားသော်လည်း ပျက်ပြယ်ခဲ့ကာ ကစားမည့်နေ့ကို ONE Championship က ပြန်လည်အတည်ပြုမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-Aung La N Seng Facebook