မြန်မာ - တရုတ် သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ်စတင်ခြင်း အထိမ်းအမှတ်အခမ်းအနား ကျင်းပ

နေပြည်တော် ၁၇ ဇန်နဝါရီ

 

မြန်မာ - တရုတ် သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ်စတင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC-II)၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်အားပေးချီးမြှင့်ကြသည်။

mdn

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်သည် အဖွဲ့ဝင်များနှင့်အတူ အခမ်းအနားကျင်းပမည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ သို့ ည၇နာရီတွင် ရောက်ရှိလာရာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က ကြိုဆိုနှုတ်ဆက်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

 

ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတသည် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေးရှိသော နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဧည့်သည်တော်များသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြသသည့် မြန်မာ - တရုတ် နှစ်နိုင်ငံဆက်ဆံရေး မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပသည့် မြန်မာ - တရုတ် သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် စတင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ကြသည်။

 

အထိမ်းအမှတ်အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၊ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “နှစ်နိုင်ငံသံတမန်နယ် နှစ် ၇၀” အမည်ရှိ ပုသိမ်ထီး ယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့က အဖွင့်မိန့်ခွန်းပြောကြားကြသည်။

 

mdn

 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ယခုကဲ့သို့မင်္ဂလာရှိလှသော ညနေခင်းအချိန်အခါတွင် ကျင်းပသည့် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားနှင့် မြန်မာ - တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် စတင်ခြင်း အခမ်းအနားတွင် အဖွင့်မိန့်ခွန်း ပြောကြားခွင့်ရသည့်အတွက် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။

 

ယခုကဲ့သို့မိမိတို့နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးက နှစ်နိုင်ငံသံတမန် ဆက်ဆံရေးနှစ် (၇၀) ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားကို ဖွင့်လှစ်ပေးခြင်းသည် နှစ်နိုင်ငံအကြား နက်ရှိုင်းသည့် ချစ်ကြည်ရင်းနှီးမှုကို ပြသရုံသာမက ၂၀၂၀ ပြည့်နှစ်သည် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတွင် အလွန်အရေးပါသည်ကို မှတ်ကျောက်တင်နိုင်မည်ဖြစ်ကြောင်း။

 

ထိုသို့ ဂုဏ်သရေရှိထူးခြားသော အချိန်အခါတွင် အဆွေတော်သမ္မတကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဂုဏ်သရေရှိ ကိုယ်စားလှယ်အဖွဲ့ဝင် ဧည့်သည်တော်များအား မိမိတို့နိုင်ငံကို လာရောက်ရန် ဖိတ်ခေါ်ကြိုဆိုခွင့် ရရှိသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း။

 

ယခုအချိန်သည် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးနှစ် (၇၀) ပြည့် အခါသမယဖြစ်သည့်အတွက် ယခုခရီးစဉ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးအဆင့် သစ်တစ်ဆင့်ကို တိုးမြင့်ရောက်ရှိစေပြီး ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန် တိုးမြှင့်ပေးနိုင်မည့် အရေးကြီးခရီးစဉ်တစ်ရပ် ဖြစ်သည်ဟု မှတ်ယူပါကြောင်း။

 

၂၀၁၉ ခုနှစ်အတွင်း၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်းနှစ် (၇၀) ပြည့်မြောက်ခဲ့ချိန်တွင် တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများ ရရှိနေပြီဖြစ်ပါကြောင်း၊ အဆွေတော်သမ္မတကြီး ပြောသကဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ခေတ်သစ်သို့ အောင်မြင်စွာ ချဉ်းနင်းဝင်ရောက်ခဲ့ပြီ ဖြစ်ပါကြောင်း။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် နိုင်ငံတော်ပြန်လည်ဆန်းသစ်ရေးနှင့် ကမ္ဘာ့နိုင်ငံများနှင့်အတူ လူသားမျိုးနွယ်အားလုံးအတွက် အေးအတူပူအမျှ အသိုက်အဝန်းများ တည်ဆောက်နိုင်ရေးတို့အတွက် ဆောင်ရွက်နေခြင်းများသည် မွန်မြတ်သော ရည်မှန်းချက်ကြောင့် အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း။

 

ထို့အတူ အဆွေတော်သမ္မတကြီး၏ ဦးဆောင်မှုနှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ပြည်သူများအနေဖြင့်နိုင်ငံ၏ ရာပြည့်ပန်းတိုင်နှစ်ခု ရည်မှန်းချက်ကို ဖော်ဆောင်လျက်ရှိသည်ကိုလည်း အောင်မြင်မည်ဟု အပြည့်အဝ ယုံကြည်ထားပါကြောင်း။

 

မိမိတို့၏ချစ်ကြည်ရင်းနှီးသည့် သမိုင်းကြောင်းကို ပြန်လည်ကြည့်ရှုကြမည်ဆိုပါက လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကတည်းက နှစ်နိုင်ငံအကြား၊ ပြည်သူများအကြား ကူးလူးဆက်သွယ်မှုများ ရှိကြပါကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံထန်မင်းဆက်လက်ထက်၊ မိမိတို့နိုင်ငံပျူခေတ်ကတည်းက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များ ကူးလူးဆက်ဆံမှုရှိခဲ့သည်ကို ထင်ရှားသည့် သမိုင်းအထောက်အထားများ ရှိခဲ့ပါကြောင်း။

 

မိမိတို့နှစ်နိုင်ငံသည် ရှည်လျားစွာ နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး နှစ်နိုင်ငံပြည်သူများအကြား ညီအစ်ကိုမောင်နှမများပမာ ကာလရှည်ကြာစွာနီးစပ်မှု၊ ရင်းနှီးမှုများ ရှိကြပါကြောင်း၊ ထိုသို့ရင်းနှီးသော ဆက်နွှယ်မှုများကို တရုတ်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည့် မာရှယ်ချိန်ယိ ကိုယ်တိုင်စပ်ဆိုခဲ့သော ကဗျာထဲကစာသားကဲ့သို့ “ကျွန်ုပ်က မြစ်ညာမှာနေ၍၊ အဆွေက မြစ်ခြေမှာနေကာ တစ်ရေတည်းကိုသောက်ကြတဲ့” (ဝေါ်ကျုကျန်းကျစ်ထို၊ နင်ကျုကျန်းကျစ်ဝေ၊ ကုန့်ယင်အိကျန်းရွှေ) ဆွေမျိုးပေါက်ဖော်များ ဖြစ်ကြပါကြောင်း။

 

မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် စတင်တည်ထောင်သည့်အချိန်တွင် ပထမဆုံး အသိအမှတ်ပြုသော နိုင်ငံထဲတွင်ပါဝင်ခဲ့သည်ကိုကြည့်လျှင် မြန်မာနိုင်ငံ၏ မိမိတို့အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအပေါ်တွင် များစွာအလေးထားသည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ ၁၉၅၀ ပြည့်နှစ် ဇွန်လ (၈) ရက်တွင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး နောက်နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ခဲ့ကြခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်းတွင် ထူးခြားသော ဝိသေသလက္ခဏာတစ်ခုဖြစ်ကြောင်း။

 

ကမ္ဘာက နိုင်ငံတကာဆက်ဆံရေးတွင် စံနမူနာယူစရာတစ်ခုဖြစ်သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်ကိုလည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာချူအင်လိုင်း၏ ၁၉၅၄ ခုနှစ်ဇွန်လတွင် လာရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်တွင် ပူးတွဲကြေငြာ ချက်ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ထိုမူကြီးများကို အခြေခံ၍နှစ်နိုင်ငံနယ်နိမိတ် ပြဿနာများကို အဖြေရှာခဲ့ပြီး ၁၉၆၀ ပြည့်နှစ်တွင် နယ်နိမိတ်စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပါကြောင်း၊ ထိုသို့ချုပ်ဆိုနိုင်ခဲ့ခြင်းသည် နှစ်ဖက်ခေါင်းဆောင်များ၏ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှု၊ ၎င်းတို့၏ အမြော်အမြင်နှင့် မှန်ကန်သော ဆုံးဖြတ်ဆောင်ရွက်ခဲ့မှုများကြောင့် ဖြစ်ပါကြောင်း။

 

ထိုမူကြီး (၅) ရပ်ကို အခြေခံတည်ဆောက်ခဲ့သည့် မိမိတို့နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုခိုင်မာတိုးတက်လာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် မိမိတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဆင့်ကို တိုးမြှင့်နိုင်ခဲ့ပါကြောင်း။

 

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးနှစ် (၇၀) ကာလကို ပြန်ပြောင်းကြည့်မည်ဆိုပါက နှစ်နိုင်ငံခေါင်းဆောင်များ အချင်းချင်း၊ အစိုးရအချင်းချင်းနှင့် ပြည်သူများအချင်းချင်း ဆက်ဆံရေးသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခဲ့ပါကြောင်း၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ အစဉ်တစိုက် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုနှင့် ထောက်ခံမှုများ တိုးတက်ဖြစ်ထွန်းခဲ့ပါကြောင်း။

 

ယခုဆိုလျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းများတွင် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပါကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် နှစ်နိုင်ငံ အတူတကွ ဖွွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူများ အကျိုးအတွက် အခွင့်အလမ်းများ များစွာယူဆောင်လာခြင်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း။

 

မိမိတို့ နှစ်နိုင်ငံသည် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများတွင် အပြန်အလှန်ထောက်ပံ့မှုများ ပြုလုပ်ကြခြင်းသည် နှစ်နိုင်ငံအကြား နီးကပ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပြသလျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိတ်ဆွေတရုတ်ပြည်သူ့ သမ္မတနိုင်ငံက အစဉ်အမြဲထောက်ပံ့ ကူညီနေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။

 

ယခုအဆွေတော်၏ မြန်မာနိုင်ငံခရီးစဉ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သော အချိန်မှစ၍ မြန်မာနိုင်ငံကိုလာရောက်သည့် ပထမဦးဆုံးခရီးစဉ်ဖြစ်ပါကြောင်း။

 

အဆွေတော်၏ ခရီးစဉ်သည် ၁၉ နှစ်အတွင်း တရုတ်သမ္မတတစ်ဦးအနေဖြင့် ပြန်လည်လာရောက်ခြင်းဖြစ်ပြီး မိမိတို့နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှုနှစ် (၇၀) ပြည့်အချိန်ကာလလည်း ဖြစ်သည့်အတွက် အဆွေတော်၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးတွင် သမိုင်းမှတ်ကျောက်တင်ရမည့် ခရီးစဉ်တစ်ခု ဖြစ်ပါကြောင်း။

ထို့ကြောင့် အဆွေတော်၏ ခရီးစဉ်သည် မိမိတို့နှစ်နိုင်ငံအကြားတွင် ကာလရှည်ကြာစွာ တည်ရှိနေသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ကမ္ဘာကသိအောင်ပြသနိုင်လိုက်ခြင်းဖြစ်ပါကြောင်း။

 

အဆွေတော်၏ ခရီးစဉ်သည်နှစ် နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးမြှင့်နိုင်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ၊ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန် တိုးမြှင့်အောင် တွန်းအားဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ထိုအရာများသည် နှစ်နိုင်ငံနှစ် (၇၀) ပြည့် သံတမန်ဆက်ဆံရေး၏ အောင်မြင်မှု အထိမ်းအမှတ်များပင် ဖြစ်ပါကြောင်း။

 

ထို့ပြင် ၂၀၂၀ ပြည့်နှစ်တစ်နှစ်ပတ်လုံးတွင် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် နိုင်ငံရေးနှင့်လုံခြုံရေး၊ စီးပွားရေးနှင့်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ သာသနာရေး၊ ယဉ်ကျေးမှုနှင့် အားကစား၊ ရုပ်မြင်သံကြား၊ သတင်းနှင့် ထုတ်ဝေရေး၊ သိပ္ပံနည်းပညာနှင့် ကျန်းမာရေး၊ ပညာရေးနှင့်လေ့ကျင့်ရေး၊ လူငယ်နှင့် အမျိုးသမီး၊ အသိပညာရှင်များအဖွဲ့စသည့်ကဏ္ဍ (၁၁) ရပ်တွင် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးနှစ် (၇၀)ပြည့် အထိမ်းအမှတ် အစီအစဉ်များကို နှစ်စဉ်စည်ကား သိုက်မြိုက်စွာ ပူးတွဲကျင်းပသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ကျင်းပခြင်းသည် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကိုလည်း ပိုမိုနက်ရှိုင်းစေမည် ဖြစ်ပါကြောင်း။

 

ယခုကဲ့သို့မ င်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မြောက်သည့် အထိမ်းအမှတ်မှသည် မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေး အဓွန့်ရှည်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုပါကြောင်း။

 

မိမိတို့အနေဖြင့် ယခုထက်မက ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် မြင့်မားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း၊ တစ်ဆက်တည်းတွင် အဆွေတော်သမ္မတကြီး၏ ခရီးစဉ် အောင်မြင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုလို ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းတွင် အဆွေတော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး၏ ပထမဆုံး ပြည်ပခရီးစဉ်သည် မြန်မာနိုင်ငံဖြစ်သည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ ယခုခရီးစဉ်သည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းသံတမန် ဆက်ဆံရေးမူဝါဒအပေါ် များစွာအလေးထားမှုနှင့် သဟဇာတဖြစ်မှုကို ပေါ်လွင်စေပါကြောင်း။

 

ထို့အပြင် နှစ်နိုင်ငံသံတမန်ဆက်ဆံမှု နှစ် (၇၀) ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားကို နှစ်ဖက်နိုင်ငံ့ခေါင်းဆောင်များက အတူတကွကျင်းပခွင့်ရခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတွင် အလွန်ထူးခြားသည့် မှတ်တိုင်တစ်ခုကို စိုက်ထူလိုက်နိုင်ခြင်းဖြစ်ပါကြောင်း။

 

လွန်ခဲ့သောအနှစ် (၄၀) ကစ၍ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒကို ကျင့်သုံးခဲ့ပြီး ယနေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကမ္ဘာတွင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးနှင့် ဒုတိယစီးပွားရေး အင်အားကြီး နိုင်ငံတစ်အခုအဖြစ် ရောက်ရှိနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုနိုင်ငံတကာ အရေးကိစ္စများနှင့် ကမ္ဘာ့စီးပွားရေးတွင် အရေးပါသော နိုင်ငံကြီးတစ်နိုင်ငံအဖြစ် ဝင့်ကြွားစွာ ရပ်တည်လျက်ရှိသည့်အပေါ် အိမ်နီးချင်းမိတ်ဆွေ နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ဝမ်းမြောက်မိပါကြောင်း။

အဆွေတော်သမ္မကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရာပြည့်ပန်းတိုင်နှစ်ခု (The Two Centenary Goals) ရည်မှန်းချက်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း။

 

ယခုလိုအရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ကမ္ဘာ့နိုင်ငံအများအပြားနှင့် မျှဝေခံစားနိုင်ရန်၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာအောင် တည်ဆောက်နိုင်ရန် သမ္မတကြီး မစ္စတာရှီကျင့်ဖျင်ဦးဆောင်မှုနှင့် အကောင်အထည်ဖော်လျက်ရှိသည့်ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းကြီး၊ နိုင်ငံတော်ပြန်လည်ဆန်းသစ်ရေး (National Rejuvenation)၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ လူသားအားလုံးအတွက် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်နိုင်ရေး (Building a community with a shared future for mankind) တို့သည် ကမ္ဘာကြီးအတွက် အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုသစ်များကို ဆောင်ကြဉ်းပေးနိုင်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း။

 

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် ၁၉၅၀ ပြည့်နှစ်ဇွန်လ၈ရက်မှစ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တစ်ဖြည်းဖြည်းချင်း ပိုမိုခိုင်မာ တိုးတက်လာစေလျက်ရှိခဲ့ပါကြောင်း၊ ယခုလိုတိုးတက်ခိုင်မာလာခဲ့ရာတွင် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု နှစ်နိုင်ငံဆက်ဆံရေး အဆင့်ကနေပြီး ၂၀၁၁ ခုနှစ်မှာဆိုရင် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင် ယခုအဆွေတော်၏ ခရီးစဉ်တွင် နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေပြီး မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးအတွက် စတင်လမ်းဖွင့်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။

 

မြန်မာ-တရုတ်နှစ်နိုင်ငံ၏ ဆက်ဆံရေးတွင် တစ်ခြားနိုင်ငံများနှင့်မတူ ထူးခြားသည့် အချက်တစ်ချက်မှာ ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ခြင်းဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံဆိုသည်မှာ ရွေးချယ်၍မရဘဲ ကမ္ဘာတည်သရွေ့ အတူတကွ တည်ရှိနေမည်ဖြစ်သည်ကို အထူးပြောစရာမလိုပါကြောင်း။

 

မြန်မာပြည်တွင် နိုင်ငံရေးစနစ်များ မည်သို့ပင်ပြောင်းလဲခဲ့စေကာမူ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုအစိုးရ အဆက်ဆက်က ထိန်းသိမ်းခဲ့ပြီး တိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း။

 

နှစ်နိုင်ငံအတူတကွ ချမှတ်ခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် နှင့်အညီ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် ပိုမိုတိုးတက်လာသကဲ့သို့ ကဏ္ဍစုံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုကျယ်ပြန့်နက်ရှိုင်းအောင် ဆောင်ရွက်နိုင်ခဲ့သည်အပေါ် အားရကျေနပ်မိပါကြောင်း။

 

ယခုအဆွေတော်၏ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းကြီးတွင်ပါဝင်သည့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်း အပါအဝင် နှစ်နိုင်ငံအကြား အခြားလက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်နေပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အကောင်းဆုံးအနေအထားကို ရောက်ရှိနေပြီဖြစ်ပါကြောင်း။

အနာဂတ်တွင် မြန်မာ-တရုတ်စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းကြီး၏ အောင်မြင်မှုများက ကျွန်မတို့နှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် အပြုသဘောရလဒ်ကောင်းများကို ပိုမိုဖော်ဆောင်ပေးသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

အဆိုပါ စီမံကိန်းများအောင်မြင်ရေးအတွက် အဓိကသော့ချက်မှာ အပြန်အလှန်နားလည်မှု၊ လေးစားမှုကို အခြေခံပြီး ကောင်းမွန်သည့် ပြည်သူချင်းထိတွေ့ဆက်ဆံရေးနှင့် တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရေး ဖြစ်ပါကြောင်း။

ထို့ပြင် ယင်းစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် နှစ်နိုင်ငံ၏ မဟာဗျူဟာမြောက် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးစီမံကိန်းများနှင့် ကိုက်ညီမှုရှိရန်နှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး၊ ပြည်သူများ၏လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး နှင့်အထောက်အကူပြုရေးတို့အတွက် အထူးအလေးထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆွေတော်သမ္မတကြီးအနေဖြင့် ယင်းသို့ပင်ခံယူထားမည်ဟု ယုံကြည်ပါကြောင်း။

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည်တစ်ခုနှင့် တစ်ခုချိတ်ဆက်နေခြင်းဖြစ်၍ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ ပိုမိုအောင်မြင်ရန်အတွက် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရန်လည်း အထူးလိုအပ်ပါကြောင်း။

 

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောအကူအညီများ ပေးအပ်လျက်ရှိသည့်အပေါ် များစွာတန်ဖိုးထားပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေသည့် အသွင်ကူးပြောင်းရေးကာလတွင် မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းကောင်းပီပီ နားလည်မှုရှိစွာဖြင့် အပြုသဘော ရပ်တည်ပေးလျက်ရှိသည့်အတွက် တရုတ်အစိုးရနှင့် ပြည်သူများကို မြန်မာအစိုးရနှင့် ပြည်သူများကိုယ်စား လှိုက်လှဲစွာကျေးဇူးတင်ရှိသည်ဟု ပြောကြားလိုပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားတစ်ခုဖြစ်သော "တရုတ်တစ်နိုင်ငံတည်းမူဝါဒ"ကို အစဉ်တစ်စိုက် ဆက်လက်ထောက်ခံရပ်တည်သွားမည် ဖြစ်ကြောင်းကို ထပ်လောင်းအတည်ပြု ပြောကြားလိုပါကြောင်း။

ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုသည် နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ထွန်းကားရှင်သန်ရေးအတွက် အခြေခံကျသည့် အချက်တစ်ချက်ဖြစ်သည်ကို မိမိအမြဲတမ်း ပြောကြားလေ့ရှိပါကြောင်း၊ ယခုလိုထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် ရင်းနှီးမှုနှင့် နားလည်မှုများပိုမိုရရှိပြီး နှစ်နိုင်ငံဆက်ဆံရေး ရေရှည်ခိုင်မာစေမည်ဖြစ်ပါကြောင်း၊ ပြည်သူအချင်းချင်း နားလည်မှုရှိခြင်း၊ ချစ်ကြည်ရင်းနှီးမှုရှိခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို များစွာအထောက်အကူ ဖြစ်စေသည့်အတွက် ပြည်သူချင်းဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်ရန်လိုအပ်ပါကြောင်း။

 

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်ကို မြန်မာ-တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နှစ်အဖြစ် သတ်မှတ်ဖော်ဆောင်ခြင်းသည် နှစ်နိုင်ငံပြည်သူချင်းထိတွေ့မှုများ ပိုမိုတိုးတက် စေမည်ဖြစ်သည့်အတွက် အားရကျေနပ်ပါကြောင်း။

 

အဆွေတော်သမ္မတကြီး၏ ခရီးစဉ်သည်နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့သည့် အရေးကြီးခရီးစဉ်တစ်ရပ်ဖြစ်သည်ဟု ထပ်လောင်း ပြောကြားလိုပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန် ဆက်သွယ်မှု တည်ထောင်သောနှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများနှင့် မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် အစီအစဉ်များကို တစ်နှစ်ပတ်လုံး အောင်မြင်စွာကျင်းပသွားနိုင်ရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း။

 

ယခု လိုကောင်းမြတ်သော အခါသမယတွင် မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေးသည် သားစဉ်မြေးဆက်တိုင်အောင် အဓွန့်ရှည်ပါစေကြောင်းနှင့် မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း အောင်မြင်စွာအကောင် အထည်ဖော်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

 

mdn

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က မိန့်ခွန်းများကို လှိုက်လှဲစွာ ပြောကြားခဲ့ပါကြောင်း၊ ဆက်လက်ပြီး မိမိတို့အတူတကွ တရုတ် - မြန်မာ သံတမန် ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် တရုတ် - မြန်မာ ယဉ်ကျေးမှု နှင့်ခရီးသွားလာရေးနှစ်ကို စတင်တော့မည်ဖြစ်ကြောင်း၊ ယင်းသည် တရုတ် - မြန်မာ ချစ်ကြည်ရင်းနှီးစွာ သွားလာဆက်ဆံသည့် ထွန်းပြောင်သော သမိုင်းကြောင်းတွင် အရေးပါသည့်မှတ်တိုင်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ အတူဆင်နွှဲရမည့် ကိစ္စရပ်ကြီးလည်းဖြစ်ကြောင်း၊ ယင်းသမိုင်းဝင် အချိန်ကာလကို အားလုံးနှင့်အတူ သက်သေထူရသည့်အတွက် မိမိအနေဖြင့် အလွန်ဝမ်းမြောက်မိပါကြောင်း။

 

တရုတ် - မြန်မာယဉ်ကျေးမှုတွင် “ရှေးရေစက်” ကို ယုံကြည်ကြပါကြောင်း၊ နှစ်နိုင်ငံသည် ပထဝီတည်နေရာချင်း နီးကပ်ပြီး ပြည်သူချင်းချစ်ခင်ရင်းနှီးကာ ယဉ်ကျေးမှုချင်းလည်း ဆက်နွယ်နေပါကြောင်း၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် နှစ်ပေါင်းထောင်ချီတည်တံ့ ခိုင်မြဲလျက်ရှိပါကြောင်း၊ ယင်းသည် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွန်အားနှင့် ဇစ်မြစ်ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက်သံတမန်ဆက်ဆံရေး အထိမ်းအမှတ် အခမ်းအနားများ အောင်မြင်စွာ ကျင်းပခြင်းဖြင့် ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်မှုများမြှင့်တင်ပြီး နှစ်နိုင်ငံပြည်သူအကြား ကူးလူးဆက်ဆံမှုများကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျသည့်လုပ်ငန်းများ၊ ကောင်းမွန်သောကိစ္စရပ် များပိုမိုဆောင်ရွက်ပြီး တရုတ် - မြန်မာ ချစ်ကြည်ရေးလုပ်ငန်းများအတွက် ပါဝင်သူများ၊ အကျိုးခံစားရသူများ၊ ထောက်ခံအားပေးသူများ ပိုမိုမွေးထုတ်ပေးကာ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးသည့် လူမှုအခြေခံကိုခိုင်မြဲစွာ တည်ဆောက်ရမည်ဖြစ်ကြောင်း။

 

သမိုင်းကို ဆက်လက်ပုံဖော်နေပါကြောင်း၊ ခေတ်သစ်ကာလတွင် တရုတ် - မြန်မာ ဆက်ဆံရေးကိုမြှင့်တင်ပြီး ရှေးလူကြီးများ၏ လက်ဆင့်ကမ်းမှုများအား အမွေဆက်ခံကာ လမ်းကြောင်းသစ်များကို ဖောက်လုပ်ကြရမည်ဖြစ်ကြောင်း၊ မှန်ကန်သည့်လမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းပြီး ဆန်းသစ်တီထွင်မှုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ယခုအကြိမ် ခရီးစဉ်ကို “စမှတ်” အဖြစ်သတ်မှတ်ပြီး တရုတ် - မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်ရန် မိမိနှင့်သမ္မတကြီး ဦးဝင်းမြင့်တို့ တညီတညွတ်တည်း သဘောတူညီခဲ့ကြပါကြောင်း၊ အရေးပါသည့် နိုင်ငံရေးသဘောတူညီချက်သည် တရုတ် - မြန်မာ နှစ်နိုင်ငံရင်းနှီးနွေးထွေးသော အေးအတူပူအမျှထူးခြားသည့် ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်းပုံဖော်နေပါကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ အခက်အခဲကို အတူတကွ ရင်ဆိုင်ကြသည့် အပြန်အလှန် အကူအညီပေးအပ်ကြသော ညီအစ်ကိုမောင်နှမ သံယောဇဉ်ကို သက်ဝင်လှုပ်ရှားစွာ ထင်ဟပ်စေပြီး နှစ်ဦးနှစ်ဖက်ဆက်ဆံရေး၏ အနာဂတ်လမ်းပြ မြေပုံသစ်ကို ဘက်စုံရေးဆွဲနေပြီဖြစ်ပါကြောင်း။

 

မိမိသည် တရုတ် - မြန်မာ သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့်အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို လှည့်လည်ကြည့်ရှုခဲ့ပါကြောင်း၊ ယင်းတွင် ဝန်ကြီးချုပ်ချူအင်လိုင်း ၁၉၅၄ ခုနှစ် ဇွန်လ ၂၈ ရက်မှ ၂၉ ရက်အထိ မြန်မာနိုင်ငံကိုလာရောက်ခဲ့သည့် ခရီးစဉ်မှတ်တမ်းဓာတ်ပုံ တစ်ပုံကို တွေ့လိုက်ပါကြောင်း၊ ထိုအချိန်က တရုတ်၊ အိန္ဒိယ၊ မြန်မာနိုင်ငံတို့ အသီးသီး ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ကိုအတူ တကွ အဆိုပြုခဲ့ကြပါကြောင်း၊ ယင်းသည် နိုင်ငံတကာဆက်ဆံရေးသမိုင်းတွင် အရေးပါလှသည့် ဖြစ်စဉ်တစ်ရပ်ဖြစ်ပါကြောင်း။

 

ယနေ့ကမ္ဘာကြီးသည် နှစ်တစ်ရာအတွင်းမရှိခဲ့ဖူးသည့် ပြောင်းလဲမှုကြီးများနှင့်ကြုံတွေ့နေရပါကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းသည် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆက်နွယ်နေသော အေးအတူပူအမျှ အသိုက်အဝန်းအဖြစ် တစ်နေ့တစ်ခြား ဖြစ်ပေါ်လာနေပါကြောင်း၊ သို့သော်နိုင်ငံတကာ ဆက်ဆံရေးတွင် တရားမျှတမှု၊ တန်းတူညီမျှမှုမရှိ သည့်လက္ခဏာများလည်း သိသိသာသာ ပေါ်ပေါက်နေဆဲဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးခြင်းတို့သည် တာဝန်ကြီးလေးလှပြီး ခရီးဝေးလံနေဆဲဖြစ်ပါကြောင်း၊ အခြေအနေသစ်တွင်ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ်သည် ခေတ်နောက်ကျမှုမရှိရုံသာမက ကာလကြာရှည်စွာသစ်လွင်နေဆဲ ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို ပြန့်ပွားစေပြီး လက်တွေ့ကျင့်သုံးသည့် စံနမူနာအဖြစ် ဆောင်ရွက်ရန်၊ နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံသည့် စံနမူနာအဖြစ်ရပ်တည်ရန်၊ နိုင်ငံတကာ အသိုက်အဝန်းမှ လူသားကံကြမ္မာတူ အသိုက်အဝန်း လက်တွဲတည်ဆောက်မှုအား တွန်းအားပေးရန် ဆန္ဒရှိပါကြောင်း။

 

၂၀ ရာစု ၆၀ ပြည့်နှစ်ကာလက တရုတ်နိုင်ငံမှ မာရှယ်ချိန်ယိက “ဆွေမျိုးပေါက်ဖော် သံယောဇဉ်နက်ရှိုင်းနေ၊ မြစ်ရေတစ်သွင်သွင် စီးဆင်းစေ”ဟု ကဗျာစပ်ဆိုခဲ့ပါကြောင်း၊ နှစ်ဦးနှစ်ဖက်၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် တရုတ် - မြန်မာ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်သော သမိုင်းရေစီးကြောင်းသည် မြစ်ဖျားခံရာတူညီသည့်တရုတ်နိုင်ငံမှ လန်ချန်းမြစ်နှင့် မြန်မာနိုင်ငံမှ ဧရာဝတီမြစ်ကဲ့သို့ တောတောင်အထပ်ထပ်ကို ဖြတ်သန်းပြီး အတားအဆီးများကို ကျော်လွှားကာ ရှေ့သို့အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နိုင်လိမ့်မည်ဟု မိမိယုံကြည်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် တရုတ် - မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ပါစေဟု မိမိအနေဖြင့် လေးလေးနက်နက် ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်တို့က မြန်မာ - တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် စတင်ခြင်းအခမ်းအနားကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် နှစ်နိုင်ငံယဉ်ကျေးမှုအဖွဲ့များက မြန်မာ-တရုတ် ချစ်ကြည်ရေးအက၊ ပွဲတော်နေ့မှာ ပျော်ပျော်ရွှင်ရွှင် ဆိုကြစို့အက၊ ကျေးလက်တေးကဗျာ အကအလင်္ကာ၊ ရောင်စုံတိမ်တိုက်ပမာ လှပသောယူနန်အကနှင့် စုပေါင်းအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်တို့သည် ဖျော်ဖြေတင်ဆက်ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

 

(သတင်းစဉ်)