မြန်မာ-တရုတ်ယဉ်ကျေးမှု အသင်းက စီစဉ်တင်ဆက်မည့် "မြန်မာ့အလှပုံရိပ်" ပန်းချီကား ၁၀ဝ ကျော်ပြသမည်

ရန်ကုန်  ၁၆   ဇန်နဝါရီ

 

မြန်မာ-တရုတ်ယဉ်ကျေးမှုအသင်းက စီစဉ်တင်ဆက်မည့် "နှင်းစက်နဲ့လမ်း" “မြန်မာ့အလှပုံရိပ်" ပန်းချီပြပွဲကြီးတွင် ပန်းချီကားပေါင်း ၁၀ဝ ကျော်ကို ရန်ကုန်မြို့ပြည်လမ်းရှိ အမျိုးသားပြတိုက်၌ ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပန်းချီပြပွဲနှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီက တာမွေမြို့နယ် လေးထောင့်ကန်လမ်း အမှတ် ၁၆၆ Royal Holiday Hotel & Resorts ၌ ကျင်းပခဲ့သည်။

 

“ကျွန်တော်တို့အသင်း စတင်ဖွဲ့စည်းစဉ်ကစပြီး မြန်မာ့ယဉ်ကျေးမှုတွေ နိုင်ငံတကာပျံနှံ့အောင်ဆိုတဲ့ ရည်ရွယ်ချက်ကို လုပ်ဆောင်တဲ့အတွက်ကြောင့် အဲဒီထဲမှာ ပန်းချီပြပွဲပြသဖို့ဆိုတာလည်း လုပ်ငန်းငယ်တစ်ခုအနေနဲ့ ပါပါတယ်။ အဓိကပန်းချီပြပွဲပြသရတဲ့ ရည်ရွယ်ချက်ကလည်း မြန်မာ့ယဉ်ကျေးမှု နယ်ပယ်မှာပါဝင်တဲ့ ယဉ်ကျေးမှုဆိုင်ရာ ပန်းချီကားတွေကိုနိုင်ငံတကာကို ပျံနှံ့စေချင်ခဲ့တာဖြစ်ပါတယ်” ဟု မြန်မာ-တရုတ် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးလှိုင်ဝင်း(တက္ကသိုလ်-မောင်သုလှိုင်)က ပြောသည်။

 

အဆိုပါ ပန်းချီပြပွဲကြီးတွင် နိုင်ငံတကာပန်းချီပြပွဲများ၌ ပါဝင်ပြသခဲ့ကြသည့် ပန်းချီဆရာ ၁၈ ဦး၏ မြန်မာ့ယဉ်ကျေးမှုကို ဖော်ဆောင်သော ပန်းချီကားများ ပြသသွားမည်ဖြစ်ပြီး ပန်းချီကားများ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာငါးရာမှ တစ်သောင်းအထိ ရှိရာဝယ်ယူချင်သူများ ရောင်းချပေးမည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

"ဒီပွဲက မြန်မာ-တရုတ်နှစ်နိုင်ငံ ယဉ်ကျေးမှုကို အဓိကထား လုပ်တာဖြစ်တဲ့အတွက် နှစ်နိုင်ငံက လာရောက်ကြမယ့် ပြည်သူတွေမြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာယဉ်ကျေးမှုတွေကို နှစ်နိုင်ငံပြည်သူတွေ ပိုပြီးနားလည်သိရှိမယ်။ နားလည်သိရှိလာတဲ့အခါ လေးစားမယ် တန်ဖိုးထားမယ်။ အဲဒီအချက်တွေကို ရည်ရွယ်ပြီးနှစ်နိုင်ငံ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ကို အကောင်အထည်ဖော် နေတာဖြစ်ပါတယ်” ဟု ပန်းချီပြပွဲ ဥက္ကဋ္ဌ ဦးနီပိုဦးက ပြောသည်။ မြန်မာ-တရုတ် ယဉ်ကျေးမှု အသင်းသည် နှစ်နိုင်ငံယဉ်ကျေးမှု အပြန်အလှန် ဖလှယ်နိုင်ရေး၊ ယဉ်ကျေးမှုကို အခြေပြုပြီး ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မြဲစေရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုများ နိုင်ငံတကာသို့ ပျံ့နှံ့ရောက်ရှိကာ ကမ္ဘာက ပိုမိုသိရှိစေရန် ရည်ရွယ်၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တရားဝင်ဖွဲ့စည်းခဲ့သော အသင်းကြီး ဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- တင်စိုး(မြန်မာ့အလင်း)

 

mdn