မြန်မာ ယူ-၁၅ အမျိုးသားအသင်းနည်းပြချုပ်အဖြစ် ဦးမင်းသူကို ခန့်အပ်

ရန်ကုန် ၇ သြဂုတ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၁၅ အမျိုးသားအသင်းနည်းပြချုပ်အဖြစ် ဦးမင်းသူကို ခန့်အပ်တာဝန်ပေးခဲ့ပြီး သြဂုတ် ၇ ရက် ညနေပိုင်းမှစ၍ တာဝန်ယူလေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။ 

မြန်မာ ယူ-၁၅ အသင်း၏ ယခင်နည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား တော်စတန်ဖရန့်ခ်သည် ၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲအပြီးတွင် ရာထူးမှနုတ်ထွက်ကြောင်း တင်ပြခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နည်းပြသစ်ကို အမြန်ဆုံးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဦးမင်းသူသည် ရှမ်းယူနိုက်တက် ယူ-၁၉ အသင်း၊ ယူ-၂၁ အသင်းနှင့် စီနီယာအသင်းတို့ကို အဆင့်ဆင့် ကိုင်တွယ်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ရှမ်းယူနိုက်တက်ဘောလုံးအသင်း၏ လူငယ်ဖွံ့ဖြိုးရေး နည်းစနစ်ဒါရိုက်တာအပြင် အသင်းအုပ်ချုပ်သူအဖြစ်ပါ ဆောင်ရွက်နေသူဖြစ်သည်။ 

ဦးမင်းသူက ''မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကမ်းလှမ်းလာတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ လိုလိုလားလားပဲ လက်ခံခဲ့ပါတယ်။ ကျွန်တော်ရဲ့ နည်းပြဘဝ အိပ်မက်က လက်ရွေးစင်နည်းပြဖြစ်ဖို့ဖြစ်ပြီး ဒါက ပထမအဆင့်ဖြစ်တာကြောင့် လူငယ်အသင်းတစ်သင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းနဲ့ ကစားသမားအကြောင်းကို လေ့လာပြီး ပြင်ဆင်သွားမှာပါ။

ပထမဆုံးယှဉ်ပြိုင်ရမယ့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအတွက်တော့ ပြင်ဆင်ချိန်အများကြီးမရပါဘူး။ ရှိတဲ့အချိန်မှာပဲ ပြင်ဆင်သွားမှာပါ။ အဓိကရည်မှန်းချက်က အာရှခြေစစ်ပွဲ ဖြစ်ပါတယ်။ ဒီအသင်းကို အချိန်တစ်ခုယူပြီး ပြင်ဆင်ရင် အတိုင်းအတာတစ်ခုထိ တိုးတက်လာမှာပါ''ဟု ပြောကြားသည်။

ဦးမင်းသူသည် မြန်မာ ယူ-၁၅ အသင်း ယခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရမည့် နိုင်ငံတကာ ပြိုင်ပွဲနှစ်ခုတွင် ကိုင်တွယ်ရမည်ဖြစ်ပြီး ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ဥရောပနှင့် အာရှ အသင်းများပါဝင်သည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ မန္တလေးမြို့၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအပါအဝင် မွန်တီနီဂရိုး၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားအသင်းတို့ ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကာ ယူ-၁၆ ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်းသည် ယင်းပြိုင်ပွဲပြီးပါက စက်တင်ဘာတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သတင်း- ညီမြတ်သော်တာ
ဓာတ်ပုံ- စိုးညွန့်