မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း သြစတြေးလျခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲသုံးပွဲကစားမည်

ရန်ကုန် ၇ ဖေဖော်ဝါရီ


၂၀၁၉ အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ပြင်ဆင်မှုအဖြစ် သြစတြေးလျနိုင်ငံ၌ လေ့ကျင့် မည့် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ယင်းခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။


 မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၉ ရက်မှ ၁၈ ရက်အထိ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ခြေစစ်ပွဲမတိုင်မီ အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၅၊ ၁၇ ရက်တွင် သြစတြေးလျ ယူ-၁၆ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်တွင်မူ ဒေသခံလူငယ်အမျိုးသမိးအသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ 


မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် အာရှခြေစစ်ပွဲအတွက် ရွေးချယ်ထားသည့် ကစားသမား ၂၃ ဦးဖြင့် သွားရောက်မည်ဖြစ်ပြီး ဒဏ်ရာပြင်းထန်စွာရမှသာ အပြောင်းအလဲပြုလုပ်မည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် အာရှခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေးရှိနေသောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြင်ဆင်မှုများစွာ ပြုလုပ်ပေးနေခြင်း ဖြစ်သည်။ 


အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲဒုတိယအဆင့်ကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သော အုပ်စု (ခ) ကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၊ အုပ်စု (က) ကို လာအိုနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုတွင် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်တို့နှင့် ကျရောက်နေပြီး အုပ်စုတစ်ခုလျှင် နှစ်သင်းစီခြေစစ်ပွဲအောင်မြင်မည်ဖြစ်သောကြောင့် မြန်မာအသင်းအနေဖြင့် အခွင့်အရေးရှိနေခြင်း ဖြစ်သည်။


မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဒေါက်တာအောင်ကျော်ဦး၊ နည်းစနစ်အကြံပေး-ဦးအေးမောင်ကြီး၊ နည်းပြချုပ်-ဒေါ်စန်းစန်းသိန်း၊ လက်ထောက်နည်းပြ-ဒေါ်နွယ်နွယ်တိုး၊ ဂိုးနည်းပြ-ဒေါ်မေခင်ယမင်း၊ ကစားသမားများအဖြစ် ဂိုးသမား-ပိုးဥ၊ စိမ်းလဲ့လဲ့ဦး၊ ခင်မြတ်နိုး၊ နောက်တန်း-နော်လာအယ်ဝါ၊ ဝင်းဝင်းလဲ့၊ ဖြူဖြူဝင်း၊ ဆောင်းနှင်းဖွေး၊ ကေကေ၊ မေသက်မွန်မြင့်၊ မေသွေးကို၊ မေသူခိုင်၊ အလယ်တန်း-သန်းသန်းစိုး၊ပုံ့ပုံ့ပြည့်မောင်၊ ဝင်းဝင်း၊ ဝေဖူးအိမ်၊ ဂျုလိုင်ချာ၊ ရတနာဦး၊ နှင်းပွင့်အေး၊ ဇင်မာထွေး၊ ရှေ့တန်း-မြတ်နိုးခင်၊ ဆွေမာအောင်၊ ဆုပြည့်ပြည့်ကျော်၊ ရွှေဇင်မင်းတို့ ပါဝင်ကြသည်။


သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်