မြန်မာ ယူ-၁၆ အသင်း ပြန်လည်ဖွဲ့စည်းရန် လူရွေးပွဲကျင်းပကာ ကစားသမားရွေးချယ်မည်

၂၉  ဇွန်

မြန်မာ ယူ-၁၆ အသင်းကို ပြန်လည်ဖွဲ့စည်းရန် လူရွေးပွဲကျင်းပကာ ကစားသမားများ ရွေးချယ်သွားမည် ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် ပြီးခဲ့သည့်လက နည်းပြချုပ်အပြောင်းအလဲ ပြုလုပ်ထားပြီး အသင်းအား ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီသည် မြန်မာ ယူ-၁၆ အသင်းနည်းပြချုပ်အဖြစ် ဦးချစ်နိုင်ကို ပြောင်းလဲတာဝန်ပေးထားပြီး ကိုဗစ်-၁၉ ရောဂါ အခြေအနေတည်ငြိမ်သွားပါက စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းနည်းပြသစ် ဦးချစ်နိုင်သည် စခန်းဝင်မလေ့ကျင့်မီ ကစားသမားများ ပြန်လည် ရွေးချယ်မည်ဖြစ်ပြီး ယခင်ရွေးချယ်ထားသည့် ကစားသမားများအပြင် အသက်မီပြီး အလားအလာရှိသည့် ကစားသမားများကို ပြန်လည်ရွေးချယ်ကာ လူရွေးပွဲကျင်းပမည် ဖြစ်သည်။ ကစားသမား ၅၀ ကျော်ကို ပဏာမအဆင့်ရွေးချယ်ကာ အသင်းလေးသင်းဖွဲ့၍ လူရွေးပွဲကျင်းပမည်ဖြစ်ပြီး ကစားသမား ၃၀ ဝန်းကျင်ဖြင့် ပြန်လည်ဖွဲ့စည်းမည် ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် ယခုနှစ်အတွင်းကျင်းပမည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လာမည့်နှစ်တွင်မူ အာဆီယံပြိုင်ပွဲအပြင် အာရှခြေစစ်ပွဲလည်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် MFF Youth အသင်းအမည်ဖြင့် ၂၀၂၀ ရာသီ MNL ယူ-၁၉ လူငယ်လိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ယင်းပွဲများအတွက်လည်း ပြင်ဆင်ရမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် ပြီးခဲ့သည့်နှစ်က နည်းပြအပြောင်းအလဲများခဲ့သည့်အသင်းဖြစ်ပြီး ယခင်နည်းပြချုပ်ဟောင်း ဦးမင်းသူကိုမူ လက်ထောက်နည်းပြအဖြစ် ပြောင်းလဲတာဝန်ပေးမည် ဖြစ်သည်။

 

မြန်မာ ယူ-၁၆ အသင်းသည် အကယ်ဒမီများမှ ကစားသမားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြန်လည်ဖွဲ့စည်းရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကစားသမားများအပြင် ကလပ်အသင်းများမှ အသက်မီသည့် ကစားသမားများကိုပါ ရွေးချယ်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်