မြန်မာ ယူ-၁၈ အသင်း ဂျပန်နိုင်ငံ၌ သွားရောက်လေ့ကျင့်မည်

၈ ဇူလိုင်


၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၈ အသင်းသည် ပြိုင်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံ၌ သွားရောက်လေ့ကျင့်မည်ဖြစ်သည်။


မြန်မာ ယူ-၁၈ အသင်းသည် ဇူလိုင် ၁၆ ရက်မှ ၂၅ ရက်အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့၌ သွားရောက် လေ့ကျင့်မည်ဖြစ်ပြီး ကလပ်အသင်း၊ တက္ကသိုလ်အသင်းများနှင့် ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။


မြန်မာ ယူ-၁၈ အသင်းသည် ဇူလိုင် ၁၆ ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ဇူလိုင် ၁၇ ရက်တွင် ဂျပန်နိုင်ငံ၌ စတင်လေ့ကျင့်ကာ ပထမဆုံးခြေစမ်းပွဲအဖြစ် ဇူလိုင် ၁၈ ရက်တွင် ဆီရီဇိုအိုဆာကာ ယူ-၁၈ အသင်းနှင့် စတင်ကစားမည်ဖြစ်သည်။ နောက်ထပ်ခြေစမ်းပွဲများအဖြစ် ဇူလိုင် ၂၁ ရက်တွင် အိုဆာကာဆန်ဂျိုတက္ကသိုလ်အသင်း၊ ဇူလိုင် ၂၄ ရက်တွင် ဟာနန်တက္ကသိုလ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 


မြန်မာ ယူ-၁၈ အသင်းသည် ဂျပန်ခရီးစဉ်အတွက် ကစားသမား ၂၅ ဦး ခေါ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိရွေးချယ်ထားသည့် ကစားသမား ၂၈ ဦးအနက် သုံးဦးလျှော့ချရမည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် သြဂုတ်တွင် ကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် အချိန်ယူပြင်ဆင်လျက်ရှိပြီး ဇန်နဝါရီကတည်းက ပြင်ဆင်လျက်ရှိသည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေပြီး ပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်ရန် ဂျပန်နိုင်ငံသို့ သွားရောက်ခြင်း ဖြစ်သည်။


၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၈ အသင်းတွင် နည်းပြချုပ် ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုးသမား-ပြည့်ဖြိုးသူ၊ နေလင်းထက်၊ စောထက်၊ နောက်တန်း-ညဏ်လင်းထက်၊ ဝေယံစိုး၊ သက်ဟိန်းစိုး၊ မျိုးကိုကိုလင်း၊ စောထောနေမူး၊ စည်သူမိုးခန့်၊ ရှင်းသန့်အောင်၊ ကောင်းခန့်ကျော် (၁)၊ ရဲထက်အောင်၊ အလယ်တန်း-ရန်ကျော်စိုး၊ နောင်နောင်စိုး၊ ရန်နိုင်လင်း၊ ဇော်ဝင်းသိန်း၊ ရဲမင်းကျော်၊ လမင်းထွေး၊ သြဘာခ၊ မိုးဆွေ၊ အောင်ကိုဦး၊ သူရအောင်၊ ပြည့်ဖြိုးအောင်၊ ခွန်ကျော်ဇင်ဟိန်း၊ ရှေ့တန်း-စောကျော်အဲ၊ ညီညီ၊ ကောင်းခန့်ကျော် (၂)နှင့်ကောင်းဇင်မိုးတို့ ပါဝင်နေသည်။ မြန်မာ ယူ-၁၈ အသင်းသည် MFF Youth အသင်းအမည်ဖြင့် ၂၀၁၉ ရာသီ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသလို မတ်လတွင် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ၊ ဧပြီတွင် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည်။ 


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်

 

1