မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ဇူလိုင်နှင့် သြဂုတ်တွင် ပြည်တွင်းခြေစမ်းပွဲများ ကစားမည်

၁၅ ဇူလိုင်

 

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းသည် ဇူလိုင်နှင့် သြဂုတ်တွင် ပြည်တွင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဇူလိုင် ၁ ရက်မှစ၍ စခန်းဝင်လေ့ကျင့်ခဲ့ပြီး လက်ရှိတွင် ကစားသမား ၃၁ ဦးဖြင့် လေ့ကျင့်လျက်ရှိပြီး လေ့ကျင့်ပြီး နှစ်ပတ်မပြည့်မီမှာပင် နိုင်ငံတကာခြေစမ်းပွဲ စတင်ကစားမည်ဖြစ်သည်။ 

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဇူလိုင် ၁၃ ရက်က ရန်ကုန်မြို့၌ ကစားသည့်ပွဲတွင် စင်ကာပူ လက်ရွေးစင်အသင်းကို ငါးဂိုးပြတ်အနိုင်ရခဲ့သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ယှဉ်ပြိုင်ရမည့် အာရှပြိုင်ပွဲမှာ အောက်တိုဘာနောက်ဆုံးပတ်မှ ကျင်းပမည်ဖြစ်သောကြောင့် လေးလနီးပါး အချိန်ယူပြင်ဆင်နေ ခြင်းဖြစ်ပြီး စက်တင်ဘာမှသာ နိုင်ငံတကာခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်သည်။ 

 

ထို့ကြောင့် သြဂုတ်လကုန်အထိ ပြည်တွင်းခြေစမ်းပွဲများသာ ကစားမည်ဖြစ်ပြီး အမျိုးသားအသင်းများ၊ အမျိုးသမီးကလပ်အသင်းများနှင့် ခြေစမ်းမည်ဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်း က ကိုင်တွယ်နေပြီး ပြိုင်ပွဲမတိုင်မီ ပြည်ပလေ့ကျင့်ရေးခရီးစဉ်လည်း သွားရောက်မည်ဖြစ်သည်။ 

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်-ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြ-ဒေါ်စန်းစန်းမော်၊ ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြ-ဦးကိုကိုအောင်၊ ဂိုး- ပိုးဥ၊ ဇူးလတ်နဒီ၊ ခင်မြတ်မိုး၊ စိမ်းလဲ့လဲ့ဦး၊  နောက်တန်း-  ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ သဲအိမိုး၊ ကြည်ပြာလင်း၊နော်ထက်ထက်ဝေ၊ မိုးမမစိုး၊ နှင်းမြသဇင်၊ မေသက်မွန်မြင့်၊ သဇင်အောင်၊ ကေကေ၊ အိအိကျော်၊ အလယ်တန်း-  ပုံ့ပုံ့ပြည့်မောင်၊  ဝင်းဝင်း၊ မေဖူးကို၊ မိုးမိုးသန်း၊ ဇင်မာထွေး၊ အေးအေးထွေး၊ ဘွဲ့လျန်ကိန်း၊ ရှေ့တန်း- နွယ်နီဝင်း၊ စန်းသော်သော်၊ ဆုပြည့်ပြည့်ကျော်၊ လင်းမြင့်မိုရ်၊ လင်းလဲ့ဦး၊ အေးမြတ်ခိုင်၊ ဆွေမာအောင်၊ မြတ်နိုးခင်နှင့် အိစန္ဒာဇော်တို့ ပါဝင်ကြသည်။ 

 

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် လက်ရှိချန်ပီယံဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့နှင့် ကျရောက်နေသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်