မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ခြေစစ်ပွဲမတိုင်မီ ထိုင်း၌ သွားရောက်လေ့ကျင့်မည်

နေပြည်တော် ၆ ဖေဖော်ဝါရီ

 

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းသည် ထိုင်းနိုင်ငံ၌ သွားရောက်လေ့ကျင့်ရန် စီစဉ်လျက်ရှိသည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းမှ ကစားသမားအများစု အတွေ့အကြုံနည်းသောကြောင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အနေဖြင့် ခြေစစ်ပွဲမတိုင်မီ လုံလောက်သည့် ပြင်ဆင်မှုများရစေရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယခုလကုန်အထိ ပြည်တွင်းခြေစမ်းပွဲများသာ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မတ်လမှစတင်ကာ နိုင်ငံတကာပြိုင်ပွဲများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် မတ်လဆန်းတွင် ကျင်းပမည့် ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဧပြီဒုတိယပတ်တွင် ထိုင်းနိုင်ငံ၌ သွားရောက်လေ့ကျင့်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း၏ ခြေစမ်းခရီးစဉ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ထိုင်းဘောလုံး အဖွဲ့ချုပ်တို့ ညိနှိုင်းဆောင်ရွက်လျက်ရှိပြီး ထိုင်း ယူ-၁၉ အမျိုးသမီးလက်ရွေးစင်အသင်းနှင့်ပါ ခြေစမ်းခွင့်ရရန် ညိနှိုင်းဆောင်ရွက်လျက်ရှိသည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းကို ပဏာမကစားသမား ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်လျက်ရှိသည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်ပွဲများကို ဧပြီနောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်ပြီး လေးသင်းနှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

 

အုပ်စုများ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း မြန်မာအသင်းပါဝင်သော အုပ်စုအား မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပခွင့်ရထားသောကြောင့် ခြေစစ်ပွဲအောင်မြင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်