မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ခြေစမ်းပွဲတွင် စင်ကာပူကို ဂိုးပြတ်အနိုင်ရ

၁၃ ဇူလိုင် 

              
၂၀၁၉ အာရှယူ-၁၉ အမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာယူ-၁၉ အမျိုးသမီးအသင်းနှင့် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်မည့် စင်ကာပူလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲကို ယနေ့ညနေပိုင်းက ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပရာ မြန်မာယူ-၁၉ အမျိုးသမီးအသင်းက ငါးဂိုးပြတ် အနိုင်ရခဲ့သည်။
                       

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် စခန်းဝင်လေ့ကျင့်အပြီး တစ်ပတ်ကျော်အကြာတွင် ပထမဆုံးကစားသည့် ခြေစမ်းပွဲဖြစ်သော်လည်း ပုံစံကောင်းပြသနိုင်ခဲ့ပြီး ဂိုးပြတ်အနိုင်ရခဲ့သည်။ မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် စင်ကာပူလက်ရွေးစင်အသင်းထက် ကစားပုံရော တစ်ဦးချင်းစွမ်းဆောင်ရည်ပါ အသာရခဲ့ပြီး ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်းတွင် သုံးဂိုးသွင်းယူကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးဘောလုံးတွင် ခြေစွမ်းအရ သာမန်သာရှိသည့် စင်ကာပူအမျိုးသမီးအသင်းသည် မြန်မာအသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
   

မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ဒဏ်ရာနှင့် နေမကောင်းဖြစ်နေသည့် ကစားသမားများ ရှိနေသောကြောင့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး စန်းသော်သော်၊ လင်းမြင့်မိုရ်၊ ဆွေမာအောင်၊ ပုံ့ပုံ့ပြည့်မောင်၊ ဇွန်ယုယဦးတို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ၁၆ မိနစ်တွင် ဂိုးစရခဲ့ပြီး မိုးမိုးသန်းက သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်းတွင်လည်း မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းကသာ ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး ၃၅ မိနစ်တွင် ဆွေမာအောင်က ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။  


မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ဒုတိယပိုင်းတွင် ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့သော်လည်း ပွဲကိုဆက်လက်ထိန်းချုပ်နိုင်ခဲ့ပြီး အနိုင်ဂိုးများ ထပ်မံရရှိခဲ့သည်။ စင်ကာပူအသင်းသည် မြန်မာအသင်း တိုက်စစ်ကို ဖျက်ထုတ်ရင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။  မြန်မာယူ-၁၉ အမျိုးသမီးအသင်းအတွက် အနိုင်ဂိုးများကို ၄၆ မိနစ်တွင် လင်းမြင့်မိုရ်၊ မိနစ် ၅၀ တွင် သဇင်အောင်နှင့် မိနစ် ၇၀ တွင် စန်းသော်သော်တို့က သွင်းယူခဲ့သည်။ စန်းသော်သော်သွင်းယူသည့်နောက်ဆုံးဂိုးမှာ ပြိုင်ဘက်နောက်ခံလူများကို ကျော်ဖြတ်ကာ သွင်းယူခဲ့ခြင်း ဖြစ်သည်။
                           

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲအောင်မြင်ထားသည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်မှစ၍ ပဏာမကစားသမား ၃၁ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ 


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်   

 

1