မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် စင်ကာပူလက်ရွေးစင် အမျိုးသမီးအသင်း ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်မြို့၌ ခြေစမ်းမည်

ရန်ကုန် ၃ ဇူလိုင်

 


၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် စင်ကာပူလက်ရွေးစင် အမျိုးသမီအသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 


ယင်းခြေစမ်းပွဲကစားရန် စင်ကာပူဘောလုံးအဖွဲ့ချုပ်က ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၃ ရက် ညနေ ၄ နာရီတွင် ဗဟန်းမြက်ခင်းတုကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ စင်ကာပူဘောလုံးအဖွဲ့ချုပ်သည် စင်ကာပူအမျိုးသမီးဘောလုံးအဆင့်အတန်း တိုးတက်စေရန်အတွက် လက်ရွေးစင်အပါအဝင် လူငယ်လက်ရွေးစင်အသင်းများကို ပြည်ပပြိုင်ပွဲများ၊ နိုင်ငံတကာခြေစမ်းပွဲများ ဆက်တိုက် ယှဉ်ပြိုင်ကစားစေလျက်ရှိသည်။ စင်ကာပူဘောလုံးအဖွဲ့ချုပ်သည် စင်ကာပူလက်ရွေးစင် အမျိုးသမီးအသင်း ခြေစမ်းပွဲကစားရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ ကမ်းလှမ်းခဲ့ရာ အာရှပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။

 


ယခုခြေစမ်းပွဲမှာ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းအတွက် အာရှ ယူ-၁၉ ပြိုင်ပွဲမတိုင်မီ ပထမဆုံးကစားသည့် နိုင်ငံတကာခြေစမ်းပွဲဖြစ်ပြီး အသက်အရွယ်အရ ကွာခြားမှုရှိသောကြောင့် အကျိုးရှိသည့်ခြေစမ်းပွဲဖြစ်လာမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အောက်တိုဘာတွင် ကျင်းပမည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲအတွက် ဇူလိုင် ၁ ရက်က စတင်လေ့ကျင့်လျက်ရှိပြီး စခန်းဝင်လေ့ကျင့်အပြီး ၁၀ ရက်ကျော်မှာပင် ပထမဆုံးခြေစမ်းပွဲကစားခြင်း ဖြစ်သည်။ 

 


ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပြီး ပဏာမကစားသမား ၃၀ ဖြင့် လေ့ကျင့်လျက်ရှိသည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယခုလမှစတင်ကာ နိုင်ငံတကာခြေစမ်းပွဲများ ဆက်တိုက်ကစားမည်ဖြစ်ပြီး စက်တင်ဘာတွင် ထိုင်း ယူ-၁၉ အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားရန် သဘောတူညီမှုရရှိထားသည်။ 

 


မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပြီးခဲ့သည့်နှစ်က စင်ကာပူ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားဖူးပြီး လက်ရွေးစင်အသင်းနှင့်မူ ပထမဆုံးခြေစမ်းကစားခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲအောင်မြင်ထားသည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲမတိုင်မီ ပြည်တွင်း၊ ပြည်ပခြေစမ်းပွဲ ၁၀ ပွဲအထက် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 


သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်