မြန်မာ ယူ-၂၂ အသင်း အာဆီယံပြိုင်ပွဲမတိုင်မီ ပြည်တွင်းခြေစမ်းပွဲကစားမည်

နေပြည်တော် ၆ ဖေဖော်ဝါရီ

 

၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် ပြိုင်ပွဲမတိုင်မီ ပြည်တွင်းခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းမှစ၍ စခန်းဝင်လေ့ကျင့်မှု စတင်ပြုလုပ်ခဲ့ပြီး ရန်ကုန်အသင်းသည် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ယှဉ်ပြိုင်နေသောကြောင့် ကစားသမားစုံလင်စွာ လေ့ကျင့်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

ရန်ကုန်အသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် အကြိုခြေစစ်ပွဲဒုတိယအဆင့်သို့ တက်ရောက်သွားသောကြောင့် ရန်ကုန်ကစားသမားများမှာ နောက်ကျမှ အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းတွင် ဒဏ်ရာရကစားသမားအချို့ ရှိနေပြီး နည်းပြချုပ် ပိုပေါ့ဗ်အနေဖြင့် ကစားသမားများ၏ အနေအထားကို စောင့်ကြည့်နေကာ အပြောင်းအလဲအချို့ ပြုလုပ်မည်ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ဖေဖော်ဝါရီ ဒုတိယပတ်တွင် ခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး MNL ကလပ်အသင်းအချို့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

 

မြန်မာအသင်းယှဉ်ပြိုင်မည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပမည်ဖြစ်သည်။

 

အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ပထမဆုံးကျင်းပမည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားအသင်းတို့နှင့်အတူ ကျရောက်နေသည်။

 

မြန်မာ ယူ-၂၂ အသင်းတွင် နည်းပြချုပ်- ပိုပေါ့ဗ်၊ လက်ထောက်နည်းပြ- ဦးချစ်နိုင်၊ ဦးစိုးမြတ်မင်း၊ ကြံ့ခိုင်ရေးနည်းပြ- ဟွမ်ရိုမန်၊ ဂိုးနည်းပြ- ဦးအောင်ကျော်ကျော်၊ အားကစားသမားများအဖြစ် ဂိုး-ဘုန်းသစ္စာမင်း (ရှမ်း)၊ ဆန်းဆက်နိုင် (ရန်ကုန်)၊ စိုးအာကာ (မကွေး)၊ ထွန်းနန္ဒဦး (မြဝတီ)၊ နောက်တန်း- ဝင်းမိုးကျော် (မကွေး)၊ စိုးမိုးကျော် (ဧရာဝတီ)၊ အောင်ဝဏ္ဏစိုး (ဇွဲကပင်)၊ ရဲရင့်အောင် (ရတနာပုံ)၊ ထူးခန့်လွင်၊ သူရိန်စိုး (ရန်ကုန်)၊ ရဲမင်းသူ (ရှမ်း)၊ ဇင်ရဲနိုင် (အား/ကာသိပ္ပံ)၊ ဟိန်းဖြိုးဝင်း (ရှမ်း)၊ အလယ်တန်း- နန်းထိုက်ဇော်၊ လွင်မိုးအောင် (ဧရာဝတီ)၊ ဇေယျာနိုင်၊ မြတ်ထွန်းသစ်၊ ဇင်မင်းထွန်း (မကွေး)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း (ရတနာပုံ)၊ ဇွဲသက်ပိုင် (ရှမ်း)၊ အောင်ကိုဦး၊ ဇော်ဝင်းသိန်း (MFF ယူ-၁၉)၊ ရှေ့တန်း- ဝင်းနိုင်ထွန်း (ရတနာပုံ)၊ ထက်ဖြိုးဝေ (ရှမ်း)၊ ဟိန်းထက်အောင် (ဟံသာဝတီ)၊ ကောင်းထက်စိုး၊ လွှမ်းမိုးဦး (ရန်ကုန်) တို့ ပါဝင်ကြသည်။ 

 

ညီမြတ်သော်တာ