မြန်မာ ယူ-၂၂ အသင်း အရန်အင်အားတောင့်တင်းလာစေရန် ကစားသမားသစ်များ စမ်းသပ်လေ့ကျင့်

ရန်ကုန် ၁၁ ဇူလိုင်

အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၂၂ အသင်းသည် အရန်အင်အားတောင့်တင်းလာစေရန် ကစားသမားသစ်များ စမ်းသပ်လေ့ကျင့်ပေးလျက်ရှိသည်။ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ယခင်ရွေးချယ်ထားသည့် ကစားသမားများအပြင် အသင်းအင်အား တောင့်တင်းလာစေရန် ကစားသမားများ စမ်းသပ်လေ့ကျင့်ခြင်းဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်နှင့် လက်ထောက်နည်းပြများဖြစ်သည့် ဦးချစ်နိုင်၊ ဦးဇော်ဝင်းထွန်းတို့သည် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် လိဂ်ပြိုင်ပွဲများကို လိုက်လံကြည့်ရှုကာ အသက်မီပြီး အသင်းနှင့် သင့်တော်နိုင်သည့် ကစားသမားများကို ပဏာမအဆင့်ရွေးချယ်ကာ ဇူလိုင် ၁၀ ရက်က လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းလေ့ကျင့်ခန်း အစီအစဉ်အပြီးတွင် ကစားသမားများ၏ ခြေစွမ်းအပေါ်မူတည်၍ ဆက်လက်လေ့ကျင့်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်မည်ဖြစ်ပြီး ဇူလိုင် ၁၀ ရက်က ပြုလုပ်သည့် လေ့ကျင့်ခန်းအစီအစဉ်တွင် ကစားသမား ၃၀ ကျော် လာရောက်လေ့ကျင့်ခဲ့သည်။ ယင်းကစားသမားများတွင် MNL-2 (ပထမတန်း) နှင့် MNL ယူ-၂၁ ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသည့် ကစားသမားအများစုပါဝင်ပြီး နည်းပြချုပ် ပိုပေါ့ဗ် စိတ်ကြိုက်တွေ့သည့် ကစားသမားများကို ပဏာမလူစာရင်းတွင် ထည့်သွင်းရွေးချယ်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရည်ရွယ်၍ ကစားသမား ၄၅ ဦးစာရင်းကို ဇူလိုင်ဒုတိယပတ်က ထုတ်ပြန်ခဲ့ပြီး ယင်းလူစာရင်းတွင် အသင်းနှင့် လေ့ကျင့်ဖူးခြင်းမရှိသေးသည့် ကစားသမားအချို့နှင့် ကစားသမားသစ်များကို ပေါင်းစပ်လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် သြဂုတ်လလယ်တွင် စတင်လေ့ကျင့်ရန် စီစဉ်ထားသည်။

မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်း တတိယမြောက် အဓိကနိုင်ငံတကာပြိုင်ပွဲအဖြစ် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နည်းပြချုပ် ပိုပေါ့ဗ်အနေဖြင့် ပြီးခဲ့သည့်ပြိုင်ပွဲနှစ်ခုတွင် အောင်မြင်မှုမရခဲ့သောကြောင့် လာမည့်ပြိုင်ပွဲများတွင် အောင်မြင်မှုရရန် လိုအပ်နေသည်။

သတင်း-ညီမြတ်သော်တာ