မြန်မာ ယူ-၂၂ အသင်း လေ့ကျင့်မှုစတင်ပြုလုပ်

၄ ဖေဖော်ဝါရီ

 

မြန်မာ ယူ-၂၂ အသင်းသည် အာဆီယံ ယူ-၂၂ ပြိုင်ပွဲယှဉ်ပြိုင်ရန် ဖေဖော်ဝါရီ ၄ ရက်မှစ၍ စခန်းဝင်လေ့ကျင့်မှုများ စတင်ပြုလုပ်လျက်ရှိသည်။

 

မြန်မာ ယူ-၂၂ အသင်းကို ပဏာမကစားသမား ၂၈ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြသစ် ပိုပေါ့ဗ် ကိုင်တွယ်နေသည့်အသင်းလည်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်း၏ လေ့ကျင့်ရေးအစီအစဉ်များကြောင့် ပြည်တွင်းလိဂ်ပြိုင်ပွဲကို ခေတ္တရပ်နားထားပြီး အာဆီယံ ယူ-၂၂ ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် ၁၀ ရက်ကျော်ရရှိမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်း အဓိကနိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခုပြိုင်ပွဲမှာ ပထမဆုံးယှဉ်ပြိုင်ရမည့်ပြိုင်ပွဲလည်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဇန်နဝါရီတွင်မြန်မာ ယူ-၂၂ အသင်းအား နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ပြီး ဦးကြည်လွင်အစား ဘူလ်ဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်ကို ပြောင်းလဲခန့်အပ်ခဲ့သည်။ မြန်မာ ယူ-၂၂ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် မလေးရှား၊ အင်ဒိုနီးရှား၊အိမ်ရှင်ကမ္ဘောဒီးယားအသင်းတို့နှင့် ကျရောက်နေသည်။ အုပ်စု (က) တွင်မူ ဗီယက်နမ်၊ ထိုင်း၊ တီမောနှင့် ဖိလစ်ပိုင်အသင်းတို့ ပါဝင်နေသည်။ မြန်မာ ယူ-၂၂ အသင်းသည် ပြိုင်ပွဲမတိုင်မီနိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားတော့မည်မဟုတ်ဘဲ ပြည်တွင်းခြေစမ်းပွဲ  တစ်ပွဲ သို့မဟုတ် နှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ ယူ-၂၂ အသင်းတွင် နည်းပြချုပ်-ပိုပေါ့ဗ်၊ လက်ထောက်နည်းပြ-ဦးချစ်နိုင်၊ ဦးစိုးမြတ်မင်း၊ ကြံ့ခိုင်ရေးနည်းပြ-ဟွမ်ရိုမန်၊ ဂိုးနည်း ပြ-ဦး အောင်ကျော်ကျော်၊ အားကစားသမားများအဖြစ် ဂိုး-ဘုန်းသစ္စာမင်း (ရှမ်း)၊ ဆန်းဆက်နိုင် (ရန်ကုန်)၊ စိုးအာကာ (မကွေး)၊ ထွန်းနန္ဒဦး (မြဝတီ)၊ နောက်တန်း-ဝင်းမိုးကျော် (မကွေး)၊ စိုးမိုးကျော် (ဧရာဝတီ)၊ အောင်ဝဏ္ဏစိုး (ဇွဲကပင်)၊ ရဲရင့်အောင် (ရတနာပုံ)၊ ထူးခန့်လွင်၊ သူရိန်စိုး (ရန်ကုန်)၊ ရဲမင်းသူ (ရှမ်း)၊ ဇင်ရဲနိုင် (အား/ကာသိပ္ပံ)၊ ဟိန်းဖြိုးဝင်း (ရှမ်း)၊ အလယ်တန်း-နန်းထိုက်ဇော်၊ လွင်မိုးအောင် (ဧရာဝတီ)၊ ဇေယျာနိုင်၊ မြတ်ထွန်းသစ်၊ ဇင်မင်းထွန်း (မကွေး)၊ မြတ် ကောင်းခန့်၊ အောင်နိုင်ဝင်း (ရတနာပုံ)၊ ဇွဲသက်ပိုင် (ရှမ်း)၊ အောင်ကိုဦး၊ ဇော်ဝင်းသိန်း (MFF ယူ-၁၉)၊ ရှေ့ တန်း-ဝင်းနိုင်ထွန်း (ရတနာပုံ)၊ ထက်ဖြိုးဝေ (ရှမ်း)၊ ဟိန်းထက်အောင် (ဟံသာဝတီ)၊ ကောင်းထက်စိုး၊ လွှမ်းမိုးဦး (ရန်ကုန်) တို့ ပါဝင်ကြသည်။ 

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်