မြန်မာ ယူ-၂၂ အသင်းနှင့် ချင်းမိုင်ကလပ်အသင်းတို့ ခြေစမ်းပွဲတွင် သရေကျ

၈ စက်တင်ဘာ 


ထိုင်းနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂ အသင်းနှင့် ထိုင်းလိဂ်-၁ ကလပ် ချင်းမိုင်အသင်းတို့ ယနေ့ညနေပိုင်းက ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီသရေကျခဲ့သည်။


မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ထိုင်းနိုင်ငံ၌ သွားရောက်လေ့ကျင့်နေခြင်းဖြစ်ပြီး ပထမပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ယခုပွဲတွင် သရေရလဒ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယခုပွဲတွင် ပွဲထွက်လူစာရင်းကို အနည်းငယ်အပြောင်းအလဲပြုလုပ်ခဲ့သော်လည်း အမာခံကစားသမားအများစုဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ဦးဆောင်ဂိုးကို မထိန်းနိုင်သောကြောင့် နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။


မြန်မာ ယူ-၂၂ အသင်း၏ ပွဲထွက်လူစာရင်းတွင် ဆန်းဆက်နိုင် (ဂိုး)၊ နေမိုးနိုင်၊ ရဲမင်းသူ၊ ရဲရင့်အောင်၊ ကျော်သူထွန်း၊ အောင်ဝဏ္ဏစိုး၊ မြတ်ကောင်းခန့်၊ စိုးလွင်လွင်၊ အောင်နိုင်ဝင်း၊ ဝင်းနိုင်ထွန်း၊ အောင်ကောင်းမာန်တို့ ပါဝင်ခဲ့ပြီး ပထမပိုင်းတွင် ချင်းမိုင်အသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။ ၂၇ မိနစ်တွင် မြန်မာအသင်း ဂိုးစရခဲ့ပြီး အောင်ကောင်းမာန်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ကစားသမားများ ပြောင်းလဲခဲ့ပြီး မိနစ် ၆၀ တွင် ချင်းမိုင်အသင်းက ချေပဂိုးပြန်သွင်းခဲ့သည်။


မြန်မာ ယူ-၂၂ အသင်းသည် ထိုင်းခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးခဲ့ပြီး ထိုင်းလိဂ်-၁ ကလပ် ချင်းရိုင်ယူနိုက်တက်အသင်းကို ငါးဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-ချင်းမိုင်အသင်း