မြန်မာ ယူ-၂၂ အသင်းနှင့် ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက်အသင်း ခြေစမ်းမည်

နေပြည်တော်  ၄  စက်တင်ဘာ

 

ဆီးဂိမ်းပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် ထိုင်းခြေစမ်းခရီးစဉ် ပထမဆုံး ခြေစမ်းပွဲအဖြစ် စက်တင်ဘာ ၅ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် ထိုင်းလိဂ်-၁ ကလပ် ချင်းရိုင် ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် တစ်ပတ်ကြာ လာရောက် လေ့ကျင့်နေပြီး ခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် နိုင်ငံတကာ ရက်သတ္တပတ်တွင် ယူ-၂၂ လက်ရွေးစင်အသင်းများနှင့် ခြေစမ်းပွဲကစားရန် စီစဉ်သော်လည်း အဆင်မပြေသောကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ထိုင်းကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် စက်တင်ဘာ ၅ ရက်တွင် ချင်းရိုင်ယူနိုက်တက်အသင်း၊ စက်တင်ဘာ ၈ ရက်တွင် ချင်းမိုင် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းနှင့် ပထမဆုံး ခြေစမ်းပွဲကစားမည့် ချင်းရိုင်ယူနိုက်တက် အသင်းသည် ယခုရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲ ပွဲစဉ် (၂၅) အပြီးတွင် ရမှတ် ၄၇ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေပြီး ထိုင်းလက်ရွေးစင် ကစားသမားများမှလွဲ၍ လူစုံပါဝင်နိုင်မည် ဖြစ်သည်။

 

ချင်းရိုင်ယူနိုက်တက် အသင်းသည် ပြီးခဲ့သည့်ရာသီက မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကို ပါဝင်ကစားခဲ့သည့် အသင်း ဖြစ်သည်။

 

ခြေစမ်းပွဲ သွားရောက်ကစားနေသည့် မြန်မာ ယူ-၂၂ အသင်းတွင် နည်းပြချုပ်-ပိုပေါ့ဗ်၊ လက်ထောက်နည်းပြ-ဦးချစ်နိုင်၊ ဦးဇော်ဝင်းထွန်း၊ ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊ ကစားသမားများအဖြစ် ဂိုး-ဆန်းဆက်နိုင်၊ ဘုန်းသစ္စာမင်း၊ နောက်တန်း-ကျော်သူထွန်း၊ ဟိန်းဖြိုးဝင်း၊ ရဲမင်းသူ၊ ရဲရင့်အောင်(၁)၊ ကျော်ဖြိုးဝေ၊ ထူးခန့်လွင်၊ အောင်ဝဏ္ဏစိုး၊ ဇင်ရဲနောင်၊ အလယ်တန်း-အောင်နိုင်ဝင်း၊ ဝေလင်းအောင်၊ ကျော်မျိုးနိုင်၊ မျိုးမင်းဖြိုး၊ နေမိုးနိုင်၊ မြတ်ကောင်းခန့်၊ကောင်းထက်စိုး၊ စိုးလွင်လွင်၊ ရှေ့တန်း-အောင်ကောင်းမာန်၊ ထက်လင်းလင်း၊ ဝင်းနိုင်ထွန်း၊ ဟိန်းထက်အောင်နှင့် သန့်ဇင်မြင့်တို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ