မြန်မာအမျိုးသား အာဇာနည်

၁၈  ဇူလိုင်

 

ဒုလ္လဘော ပုရိသဇညော၊ န သော သဗ္ဗတ္ထဇာယတိယတ္ထ သော ဇာယတိ ဓိရော၊ တံ ကုလံ သုခ မေဓတိ။

 

(ဓမ္မပဒ ပါဠိ၊ ဗုဒ္ဓဝဂ်)

 

လူယောကျာ်းမြတ် အာဇာနည်ဟူသည် လွန်စွာဖြစ်ခဲ၊ ရခဲလှ၏။

 

အမြော်အမြင်ဉာဏ်နှင့် ပြည့်စုံသော ထိုအာဇာနည်ယောကျာ်းမျိုးသည် အကြင်သို့သော တိုင်းနိုင်ငံ၊ အကြင်သို့သော အရပ်ဒေသ၊ အကြင်သို့သော လူမျိုး၌ တစ်ရံတစ်ဆစ် ဖြစ်ထွန်းလာသည် ဖြစ်လေအံ့။ ထိုတိုင်းနိုင်ငံ၊ ထိုအရပ်ဒေသ၊ ထိုလူမျိုးသည် ချမ်းသာခြင်း ရှိသည်ဖြစ်၍ ကြီးပွားလေ၏ ဟူ၍ ဓမ္မပဒ ပါဠိ၊ ဗုဒ္ဓဝဂ်တွင် ဖော်ပြထားသည်နှင့်အညီ ကျွန်ုပ်တို့ မြန်မာပြည်တွင် အာဇာနည်ယောကျာ်း အလွန်ထင်ရှားသည့်ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့ဖူးပါသည်။

 

မြန်မာနိုင်ငံမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများသည် ထိုထိုယောကျာ်း အာဇာနည်ကြီးများ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင် ယောကျာ်းအာဇာနည်များ ပေါ်ပေါက်ခဲ့ဖူးသည့်အနက် ဗိုလ်ချုပ်အောင်ဆန်းသို့သော အာဇာနည်သည် ၂၀ ရာစုခေတ်တွင် ပေါ်ပေါက်ခဲ့သော ထူးခြားသည့် ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းတည်းဟူသော တကယ့်အာဇာနည်မြောက်သည့် ပုဂ္ဂိုလ်သည်ကား မတစ်ထောင် တစ်ကောင်ဘွား ရှာမှရှားသည့် မြန်မာအမျိုးသားဟု ဆိုရမည်ဖြစ်သည်။

 

ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများအား နိုင်ငံရေးအာဏာကို ပြည်သူလူထုထောက်ခံမှုဖြင့် ရယူနိုင်ရန် မကြိုးပမ်းဘဲ မလျော်ကန်သော အကောက်ဉာဏ်ဖြင့် လက်နက်အားကိုး အချောင်ရယူလိုသည့် အကြမ်းဖက်လူသတ်ဝါဒကို ကိုင်စွဲ၍ ဖျက်ဆီးနင်းချေလိုသော လုပ်ရပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် မြန်မာအမျိုးသား အာဇာနည်များ ဝမ်းနည်းကြေကွဲဖွယ် ဆုံးရှုံးခဲ့ရလေသည်။

 

အာဇာနည်စိတ်ဓာတ်ဟူသည်ကား လက်ရုံးရည်၊ နှလုံးရည်(သတ္တိဗျတ္တိ) ပြည့်စုံကုံလုံပြီး အမြော်အမြင်ကြီးမား ကိုယ်ကျင့်တရား ဖြူစင်စွာဖြင့် တိုင်းပြည်နှင့်လူမျိုး အများအကျိုးအတွက် မိမိ၏ အသက်ကိုပင် စွန့်လွှတ်အဆုံးရှုံးခံရန် စိတ်ပိုင်းဖြတ်ထားသည့် ပုဂ္ဂိုလ်များဖြစ်ပါသည်။ အောင်ဆန်းအာဇာနည်သည်ကား ကိုယ့်အကျိုး၊ ကိုယ့်မိသားစုအကျိုး၊ ကိုယ့်ဆွေမျိုးအကျိုး၊ ကိုယ့်အဖွဲ့အစည်းအကျိုးသက်သက်တို့ကို ကြည့်တတ်သူမဟုတ်၊ ကိုယ့်နိုင်ငံနှင့် ကိုယ့်လူမျိုးအကျိုးကိုသာ ရှေးရှုတတ်သူသာတည်း။

 

အယူမတောင့်သော လူဖြောင့်တို့၏ သဘောသဘာဝအတိုင်း ငွေ၊ ရာထူး၊ ဘွဲ့ထူးဂုဏ်သိမ်တို့ကို မက်မောတပ်မက်ခြင်း အလျှင်းမရှိ၊ မတရားမှုကို ခေါင်းငုံ့မခံ၊ မမှန်သည်၊ မဟုတ်သည်တို့ကို အရှင်းမလုပ်၊ တိုင်းပြည်နှင့်လူမျိုး အများအကျိုးအတွက်ဆိုလျှင် အသက်ကိုပင်စွန့်လွှတ်ရန် ဝန်မလေးတတ်သည့် ပုဂ္ဂိုလ်မျိုးဖြစ်၍ မြန်မာအမျိုးသား အာဇာနည်အဖြစ် ခေါ်ဆိုထိုက်၊ အသိအမှတ်ပြုထိုက်၊ ဂုဏ်ပြုထိုက်ပေသည်။ သို့သော် ထိုသို့သော ဇမ္ဗူတစ်လူ ရှာမှရှားသည့် ပုဂ္ဂိုလ်မျိုး အချိန်မတိုင်မီ မသမာသူလူတစ်စု၏လက်ချက်ဖြင့် ရေတိမ်နစ်ခဲ့ရသည်မှာ နှမြောတသ ဖြစ်ကြရသလို တိုင်းပြည်နှင့် လူမျိုးအတွက်လည်း တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် နစ်နာဆုံးရှုံးမှုပင်ဖြစ်သည်။

 

ထို့ကြောင့် ယနေ့ကာလမှ ကမ္ဘာဆုံးသည့်တိုင် ထိုအာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်သတိရ တမ်းတနေကြပေလိမ့်မည်။ အာဇာနည်ခေါင်းဆောင်ကောင်းတို့၏ အစဉ်အလာအတိုင်း လူသာသေ၍ အမည်သော်ကား ဘယ်အခါမျှမသေ။ ကမ္ဘာပင်ကြေစေ၊ ပျက်စေ ထိုအာဇာနည်တို့၏ အမည်ကား မကြေမပျက် ဆက်လက်တည်နေဦးမည်။

 

သို့ဖြစ်၍ မြန်မာတို့အတွက် အဖိုးထိုက်တန်သော၊ မမေ့နိုင်သော ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ အာဇာနည်စိတ်ဓာတ်ရှိသူများ ဆက်လက်ပေါ်ထွန်းလာရေး ကျင့်ကြံကြိုးကုတ် ကြိုးပမ်းအားထုတ်ကြဖို့ အသိပေး နှိုးဆော်အပ်ပါသတည်း။ ။

 

ကြေးမုံ