မြန်မာအမျိုးသမီး ပိုက်ကျော်ခြင်းအသင်း ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိ

၁  ဒီဇင်ဘာ

 

အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းက ဆူဘစ်မြို့ရှိ Subic Bay Gym ၌ ကျင်းပရာ မြန်မာအမျိုးသမီးအသင်း ကြေးတံဆိပ် ဆွတ်ခူးရရှိခဲ့သည်။

 

ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမနေ့တွင် ကွင်းသွင်းခြင်းခတ် အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲ ကျင်းပခဲ့ပြီး မြန်မာအသင်းသည် အမျိုးသမီးပြိုင်ပွဲတွင်သာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

 

ပြိုင်ပွဲကျင်းပသည့်ပုံစံအရ ပြိုင်ပွဲဝင်အသင်းများကို ပတ်လည်စနစ်ဖြင့် ကျင်းပကာ အမှတ်အများဆုံး ရရှိမှုအပေါ် မူတည်၍ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ချီးမြင့်ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးပြိုင်ပွဲတွင်မြန်မာအပါအဝင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်မျှော်မှန်းခဲ့သော်လည်း ကြေးဆုဖြင့်သာ ကျေနပ်ခဲံရသည်။ အမျိုးသမီးပြိုင်ပွဲအပြီးတွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းက ၆၇၀ မှတ်ဖြင့် ပထမ၊ အင်ဒိုနီးရှား အသင်းက ၆၆၀ မှတ်ဖြင့် ဒုတိယ၊ မြန်မာအသင်းက ၆၄၀ မှတ်ဖြင့် တတိယရခဲ့ပြီး လာအိုအသင်းမှာမူ ၄၂၀ မှတ်ဖြင့် ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။

 

မြန်မာအသင်းသည် ပြိုင်ပွဲအစတွင် ရမှတ်များဆက်တိုက်ရယူနိုင်ခဲ့သော်လည်း လက်ကျန် ၁၄ မိနစ်နောက်ပိုင်းတွင် အမှတ်ရရှိမှုနည်းပါးခဲ့သောကြောင့် ရွှေဆုနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် လေ့ကျင့်သည့်ကာလများတွင် ရမှတ်ရရှိမှုမှာ အနည်းဆုံး ၇၀ဝ ကျော် ရှိခဲ့သော်လည်း ပြိုင်ပွဲတွင်မူ အမှတ်ရရှိမှုနည်းပါးခဲ့၍ ကြေးဆုဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ အိမ်ရှင်ဖိလစ်ပိုင်အသင်းသည် ကွင်းသွင်းခြင်းခတ် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံးတွင် ရွှေတံဆိပ် ရရှိခဲ့သည်။

 

ပြိုင်ပွဲကျင်းပသည့်ပုံစံအရ အမျိုးသမီးအသင်းများမှာ ပြိုင်ပွဲတစ်ပွဲစီသာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး မြန်မာအသင်းသည် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အမျိုးသား ပြိုင်ပွဲလေးမျိုး ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင် တစ်နိုင်ငံလျှင် နှစ်မျိုးသာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး မြန်မာအသင်းသည် နှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲနှင့် သုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲသာ ယှဉ်ပြိုင်မည်ဖြစ်သည်။

 

မြန်မာအမျိုးသားအသင်းသည် ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်အထိ ကျင်းပမည့် နှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် အုပ်စု (က) ၌ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့နှင့် ကျရောက်နေသည်။ မြန်မာအသင်းသည် အဖွင့်ပွဲအဖြစ် ဒီဇင်ဘာ ၂ ရက် နေ့ တွင် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်