မြန်မာအမျိုးသမီး(၁)ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်သူများအား လူကုန် ကူးမှုဖြင့် ထောင်ဒဏ် (၁၂)နှစ်စီ ချမှတ်

နေပြည်တော်   ၂၀  ဒီဇင်ဘာ

 

မြန်မာအမျိုးသမီး(၁)ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် (၁၂)နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၇)၊ အနီးစခန်းကွက်သစ်နေ (ဘ)ဦးစံဖူး ၏ သမီးများဖြစ်သော ဒေါ်နန်းခမ်းဆာ နှင့် ဒေါ်နန်းခမ်းစံတို့သည် ရပ်ကွက်ကြီး (၁)၊ ဈေးကုန်းရပ်၊ အနီးစခန်းနေ မxxx၊ ၃၆ နှစ်အား တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ငွေကျပ်သိန်း (၅၀)ရမည်၊ ကလေးတစ်ယောက်မွေးပေးရမည်၊ တရုတ်ပြည်တွင် တစ်နှစ်ခန့် နေရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်ဇနီးအဖြစ် ရောင်းစားရန် စီစဉ်ခဲ့သည်။

 

ယင်းဖြစ်စဉ်အား ပြင်ဦးလွင်မြို့မရဲစခန်း (ပ)၉၀/၂၀၁၈၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ-၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ပြင်ဦးလွင်ခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၈ ရက်တွင် တရားခံ ဒေါ်နန်းခမ်းဆာ အား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ-၂၄ အရ လည်းကောင်း၊ ဒေါ်နန်းခမ်းစံ အား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ-၂၄/၃၂ အရလည်းကောင်း အလုပ်နှင့် ထောင်ဒဏ် (၁၂)နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

 

(ရဲပြန်ကြား)