မြန်မာအမျိုးသမီးအသင်း တောင်ကိုရီးယားကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်

ရန်ကုန်   ဇန်နဝါရီ   ၂၅

၂၀၂၂ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယနေ့အဖြစ် မြန်မာနှင့်တောင်ကိုရီးယား အသင်းတို့ ဇန်နဝါရီ  ၂၄ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲက အိန္ဒိယနိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

အာရှထိပ်သီး တောင်ကိုရီးယားအသင်းနှင့် ခြေစွမ်းပိုင်းအရ ကွာခြားမှုရှိသော်လည်း မြန်မာအသင်းသည် အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် ပေးလိုက်ရသည့် နှစ်ဂိုးဖြင့်သာ ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် တောင်ကိုရီးယားနှင့်တွေ့ဆုံတိုင်း ဂိုးပြတ်အရေးနိမ့်ခဲ့သော်လည်း ယခုပွဲတွင် နှစ်ဂိုးသာပေးခဲ့ရခြင်းဖြစ်သည်။ တောင်ကိုရီးယားအသင်းသည် နှစ်ပွဲဆက်အနိုင်ရကာ ရမှတ် ခြောက်မှတ်ဖြင့် ကွာတားဖိုင်နယ်တက်ရောက်သွားပြီး မြန်မာအသင်းမှာမူ နှစ်ပွဲဆက်အရေးနိမ့်ကာ အမှတ်မရသေးပေ။ ပြိုင်ပွဲကျင်းပသည့် ပုံစံအရ အုပ်စုသုံးခုမှ ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရ အသင်းများအနက် အကောင်းဆုံးနှစ်သင်းမှာ ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် နောက်ဆုံးပွဲတွင် အနိုင်ရပါက အုပ်စုတတိယနေရာရယူနိုင်မည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဇန်နဝါရီ ၂၇ ရက်တွင် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

မြန်မာအသင်းသည် မေဇင်နွယ်(ဂိုး)၊ ခင်သန်းဝေ၊ ချစ်ချစ်၊ နန့်ဇူဇူးထက်၊ ဖြူဖြူဝင်း၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ နော်ထက်ထက်ဝေ၊ နုနု၊ စန်းသော်သော်၊ ဂျူလိုင်ကျော်တို့ဖြင့် ပွဲထွက်ခဲ့ပြီး ဂျပန်နှင့် ကစားခဲ့သည့် ပထမပွဲမှ ပွဲထွက်လူစာရင်းကို အနည်းငယ်အပြောင်းအလဲပြုလုပ်ခဲ့သည်။ တောင်ကိုရီးယားအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သော်လည်း မြန်မာအသင်းမှာ ခံစစ်ကို ဆင့်ကဲဆင့်ကဲ့ ပိတ်ဆို့ကစားခဲ့သလို ဂိုးသမား မေဇင်နွယ်လည်း အမှားမရှိသဖြင့် ပထမပိုင်းတွင် ဂိုးမရှိ သရေကျနေသည်။ ဒုတိယပိုင်းတွင် တောင်ကိုရီးယားအသင်းက တိုက်စစ်ပိုမြှင့်လာပြီး မိနစ် ၅၀ တွင် မြန်မာခံစစ်အမှားကို အခွင့်ကောင်းယူကာ လီဂွမ်မင်က အဖွင့်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက် ပိုင်းတွင် တောင်ကိုရီးယားအသင်းကသာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒုတိယဂိုးကို ၈၄ မိနစ်တွင် ဂျီဆိုး ယွန်က သွင်းယူခဲ့သည်။

ရဲရင့်လွင်