မြန်မာအမျိုးသမီးအသင်း ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား ယူ-၂၀ နှင့် ယူ-၁၇ ပထမအဆင့် ခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိ

၃ စက်တင်ဘာ


မြန်မာလူငယ်လက်ရွေးစင် အမျိုးသမီးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား ယူ-၂၀ နှင့် ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲ အုပ်စုပွဲများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့သည်။ 

အာရှဘောလုံးအဖွဲ့ချုပ်သည် ပထမအဆင့်ခြေစစ်ပွဲအတွက် အိမ်ရှင်နိုင်ငံများကို ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့ရာ ပြိုင်ပွဲနှစ်ခုစလုံးတွင် မြန်မာအသင်းပါဝင်သော အုပ်စုများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။


အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှဖလား ယူ-၂၀ ပြိုင်ပွဲနှင့် ယူ-၁၇ ပြိုင်ပွဲ၏ ခြေစစ်ပွဲများကို ၂၀၂၁ ခုနှစ်တွင် ကျင်းပမည်ဖြစ်ပြီး အာရှ ယူ-၂၀ ခြေစစ်ပွဲ ပထမအဆင့်ကို မတ်လနှင့် အာရှ ယူ-၁၇ ခြေစစ်ပွဲ ပထမအဆင့်ကို ဧပြီတွင် ကျင်းပမည်ဖြစ်သည်။

အာရှဖလား ယူ- ၂၀ အမျိုးသမီးပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲများကို သြစတြေးလျ၊ တရုတ်၊ တရုတ် တိုင်ပေ၊ လာအို၊ မွန်ဂိုလီးယား၊ မြန်မာ၊ စင်ကာပူ၊ တာဂျစ်ကစ္စတန်၊ အာရှဖလား ယူ- ၁၇ အမျိုးသမီးပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲများကို သြစတြေးလျ၊ ဘင်္ဂလား ဒေ့ရှ်၊ ဂျော်ဒန်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယား၊ မြန်မာ၊ တာဂျစ်ကစ္စတန်နှင့် ဗီယက်နမ်နိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲ နှစ်ခုစလုံး၏ ခြေစစ်ပွဲများကို အသင်းပေါင်း ၃၄ သင်းစီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုရှစ်ခုစီခွဲ၍ ကျင်းပမည်ဖြစ်ကာ လေးသင်း ခြောက်အုပ်စုနှင့် ငါးသင်း နှစ်အုပ်စုပါဝင်မည် ဖြစ်သည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ခြေစစ်ပွဲကျင်းပမည့်နေရာများကို ပြန်လည်အတည်ပြုမည်ဖြစ်ပြီး ရန်ကုန် သို့မဟုတ် မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၉ ပြိုင်ပွဲတွင် မြန်မာအသင်းသည် အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး နောက်ဆုံးအဆင့်အထိ တက်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ 

၂၀၁၉ အာရှ ယူ-၁၆ ပြိုင်ပွဲတွင်မူ ဒုတိယအဆင့်ခြေစစ်ပွဲအထိ တက်လှမ်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် ၂၀၁၉ အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ပထမအဆင့်နှင့် ဒုတိယအဆင့်ခြေစစ်ပွဲ၊ ၂၀၁၉ အာရှ ယူ-၁၆ ပြိုင်ပွဲတွင် ဒုတိယအဆင့်ခြေစစ်ပွဲတို့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲနှစ်ခုစလုံးကို လာမည့်နှစ်မှစတင်ကာ သက်တမ်းတစ်နှစ်တိုးမြှင့်ထားပြီး အာရှ ယူ-၁၉ ပြိုင်ပွဲကို အာရှ ယူ-၂၀ ပြိုင်ပွဲ၊ အာရှ ယူ-၁၆ ပြိုင်ပွဲကို အာရှ ယူ-၁၇ ပြိုင်ပွဲအဖြစ် ပြောင်းလဲ ကျင်းပမည်ဖြစ်သည်။

မြန်မာ ယူ-၂၀ နှင့် ယူ-၁၇ အမျိုးသမီးအသင်းများသည် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် စခန်းဝင်လေ့ကျင့် နိုင်ခြင်းမရှိသေးဘဲ ရောဂါအပေါ်မူတည်၍ စခန်းဝင်လေ့ကျင့်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်