မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၂ အာဆီယံ ဖူဆယ်ပြိုင်ပွဲ အုပ်စုမဲခွဲပွဲပြုလုပ်

ရန်ကုန်   ဖေဖော်ဝါရီ   ၂၂

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသား အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာဆီယံ ဖူဆယ်ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲမကျင်းပမီ နှစ်လဝန်းကျင် အလိုတွင် အုပ်စုမဲခွဲပွဲ ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာအသင်းသည် ဗီယက်နမ်၊ သြစတြေးလျ၊ တီမောတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။ ပြိုင်ပွဲကို ဧပြီ ၃ ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Huamark Indoor  Stadium ၌ ပြုလုပ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အသင်းစုစုပေါင်း ကိုးသင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) တွင် ငါးသင်း၊ အုပ်စု (ခ) တွင် လေးသင်း ပါဝင်နေသည်။ အုပ်စုခွဲဝေမှုအရ အုပ်စု (က)တွင် အိမ်ရှင်ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အုပ်စု (ခ) တွင် ဗီယက်နမ်၊ မြန်မာ၊ တီမောနှင့် သြစတြေးလျအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် ဧပြီတွင် ကျင်းပမည့် အာဆီယံ ဖူဆယ်ပြိုင်ပွဲ၊ မေတွင်ကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ပဏာမကစားသမား၂၂ ဦးဖြင့် ဇန်နဝါရီမှ စတင်ကာ လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်က ကိုင်တွယ်နေပြီး ယင်းပြိုင်ပွဲနှစ်ခုအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မတ်တွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် ထိုင်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲဖြစ်သည့် NSDF FUTSAL INVITATION 2022 တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ် စက်တင်ဘာတွင် ကူဝိတ်နိုင်ငံ၌ကျင်းပမည့် အာရှဖလား ဖူဆယ်ပြိုင်ပွဲအတွက် အာဆီယံဇုန်ခြေစစ်ပွဲ သီးခြားမကျင်းပတော့ဘဲ ယခုပြိုင်ပွဲနှင့် ချိတ်ဆက် ပြုလုပ်မည်ဖြစ်ပြီး အာဆီယံဖူဆယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိသည့် သုံးသင်းမှာ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံ ဖူဆယ်ပြိုင်ပွဲကို ၂၀၀၁ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာအသင်း အနေဖြင့် ၂၀၀၆ ခုနှစ်မှစတင်ကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပြိုင်ပွဲတစ်လျှောက် ဒုတိယတစ်ကြိမ်၊ တတိယ နှစ်ကြိမ်ရရှိဖူးပြီး အမြင့်ဆုံးစွမ်းဆောင်မှုအဖြစ် ၂၀၁၆ ခုနှစ်တွင် ဗိုလ်လုပွဲသို့ ပထမဆုံးတက်ရောက် နိုင်ခဲ့ကာ ယင်းအသင်းကို မြန်မာနည်းပြဖြစ်သည့် ဦးဌေးမြင့်က ကိုင်တွယ်ခဲ့သည်။

ရဲရင့်လွင်