မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲ စတင်ကျင်းပမည်

နေပြည်တော်   ၄ စက်တင်ဘာ

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမနေ့ပွဲစဉ်များကို စက်တင်ဘာ ၅ ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ပြိုင်ပွဲနှစ်ခု၏ ခြေစစ်ပွဲကို တစ်ပေါင်းတည်း ကျင်းပခြင်းဖြစ်ပြီး ငါးသင်း ရှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အုပ်စုခွဲဝေထားမှုအရ အုပ်စု (က)တွင် တရုတ်၊ ဆီးရီးယား၊ ဖိလစ်ပိုင်၊ မော်လ်ဒိုက်၊ ဂူအမ်၊ အုပ်စု (ခ)တွင်  သြစတြေးလျ၊ ဂျော်ဒန်၊ တရုတ် (တိုင်ပေ)၊ ကူဝိတ်၊ နီပေါ၊ အုပ်စု(ဂ)တွင် အီရန်၊ အီရတ်၊ ဘာရိန်း၊ ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ အုပ်စု (ဃ) တွင် ဆော်ဒီအာရေဗျ၊ ဥဇဘက်ကစ္စတန်၊  ပါလက်စတိုင်း၊ ယီမင်၊ စင်ကာပူတို့ ပါဝင်သည်။

အုပ်စု (င) တွင် ကာတာ၊ အိုမန်၊ အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု(စ) တွင်  ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊  မြန်မာ၊ မွန်ဂိုလီးယားအုပ်စု (ဆ) တွင် ယူအေအီး၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အုပ်စု (ဇ) တွင်  တောင်ကိုရီးယား၊ လက်ဘနွန်၊ မြောက်ကိုရီးယား၊ တာ့ခ်မင်နစ္စတန်နှင့်  သီရိလင်္ကာအသင်းတို့ ပါဝင်နေသည်။ 

ဒုတိယအဆင့်ခြေစစ်ပွဲ ကျင်းပသည့်ပုံစံအရ အုပ်စုထိပ်ဆုံး ရှစ်သင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယနေရာရ လေးသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန် တတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ကာ ၂၀၂၃ အာရှဖလား ခြေစစ်ပွဲလည်း အောင်မြင်မည် ဖြစ်သည်။

ကျန်ဒုတိယနေရာရ လေးသင်း၊ အုပ်စုတတိယနေရာရ ရှစ်သင်းနှင့် အကောင်းဆုံး စတုတ္ထနေရာရ လေးသင်း စုစုပေါင်း ၁၆ သင်းမှာ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ကျန်စတုတ္ထနေရာရ လေးသင်းနှင့် အုပ်စု အောက်ဆုံးရှစ်သင်းမှာ တတိယအဆင့် ခြေစစ်ပွဲအတွက် Play-off ထပ်မံကစားရမည်ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် မွန်ဂိုလီးယားအသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာအသင်းသည် ယင်းခြေစစ်ပွဲအတွက် သြဂုတ် ၁၉ ရက်မှစ၍ ပဏာမကစားသမား ၃၅ ဦးဖြင့် လေ့ကျင့်ပြင်ဆင်ခဲ့ပြီး မွန်ဂိုလီးယားအသင်းနှင့်ပွဲမတိုင်မီ တရုတ်အသင်းနှင့် ခြေစမ်းပွဲကစားရန် ကစားသမား ၂၃ ဦးရွေးချယ်ကာ သြဂုတ် ၂၆ ရက်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် သြဂုတ် ၃၀ ရက်တွင် တရုတ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရာ လေးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် မွန်ဂိုလီးယားအသင်းနှင့် ပွဲပြီးပါက စက်တင်ဘာ ၁၀ ရက်တွင် ဂျပန်အသင်းနှင့် အိမ်ကွင်းပွဲ ကစားရမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ရာဒူလိုဗစ်အတွက် ယခုပြိုင်ပွဲမှာ ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲဖြစ်ပြီး ပွဲဦးထွက် ရလဒ်ကောင်းရန် ကြိုးပမ်းရမည် ဖြစ်သည်။ 

သတင်း-ညီမြတ်သော်တာ